ထိုင်ဝမ်ကို တရုတ်ကျူးကျော်မည့် ခြိမ်းခြောက်မှုအား ဖိလစ်ပိုင် အနီးကပ် စောင့်ကြည့်

ထိုင်ဝမ်ကို တရုတ်ကျူးကျော်မည့် ခြိမ်းခြောက်မှုအား ဖိလစ်ပိုင် အနီးကပ် စောင့်ကြည့်

ဒေသတွင်း ဖြစ်လာနိုင်သော ပဋိပက္ခများအတွက် ဖိလစ်ပိုင်၏ အရေးပေါ် အစီအစဉ်များမှ တစ်စိတ်တစ်ပိုင်းအဖြစ် ထိုင်ဝမ်အား တရုတ် ကျူးကျော်မည့် ခြိမ်းခြောက်မှုကို အမေရိကန်၏ စစ်ရေးမဟာမိတ် ဖိလစ်ပိုင်အနေဖြင့် နေ့စဉ် စောင့်ကြည့်လျက် ရှိကြောင်း ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူက ကြာသပတေးနေ့တွင် ပြောသည်။

“ခြိမ်းခြောက်မှုက အမှန်တကယ် ဖြစ်ပွားလာမလား၊ မလာဘူးလားဆိုတာ အကဲဖြတ်ဖို့ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်”ဟု ကာကွယ်ရေးဝန်ကြီး ဂေးလ်ဘတ် တီယိုဒိုရိုက သတင်းထောက်များအား ပြောသည်။

“ဘယ်လိုပဲဖြစ်စေ၊ တရုတ်နဲ့ ထိုင်ဝမ်ကြားက ပေါက်ကွဲတော့မယ့် အခြေမျိုးကိုသာမကဘူး ဖြစ်စဉ်တစ်ခုလုံးကို အရေးပေါ်အဖြစ် ဆက်လက်စောင့်ကြည့်သွားမှာ ဖြစ်တယ်”ဟု ၎င်းက ထပ်လောင်းပြောသည်။

အမေရိကန်၏ အင်ဒို-ပစိဖိတ် မဟာမိတ်များဖြစ်သော ဩစတြေးလျ၊ တောင်ကိုရီးယား၊ ဂျပန်၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့တွင် ဖိလစ်ပိုင်သည် ထိုင်ဝမ်နှင့် နီးကပ်စွာ တည်ရှိပြီး မြောက်ဖျားကျွန်းစုများမှ ကီလိုမီတာ ၁၉၀ (၁၁၈ မိုင်) သာ ကွာဝေးသည်။

ဖိလစ်ပိုင်၏ ဦးစားပေးမှာ ထိုင်ဝမ်၌ နေထိုင်လုပ်ကိုင်နေကြသော ၎င်း၏ နိုင်ငံသား ၁၀၀,၀၀၀ ကျော်၏ ဘေးကင်းရေးသာ ဖြစ်သည်။

အရေးပေါ် လုပ်ငန်းစဉ်အဖြစ် ဆွေးနွေးမှုများသည် ကာကွယ်ရေးဘက်ဆိုင်ရာ အားထုတ်မှုသက်သက်အတွက်သာ မဟုတ်ဘဲ ဌာနစုံ အားထုတ်မှု ဖြစ်ကြောင်း တီယိုဒိုရိုက အသေးစိတ်မဆိုဘဲ ပြောသည်။

ဖိလစ်ပိုင်သည် ကိုလိုနီဟောင်း အမေရိကန်၏ အဓိက စစ်ရေးမဟာမိတ်အဖြစ် ဆယ်စုနှစ်များစွာ ရှိခဲ့သော်လည်း ယခုနှစ်၌ အခြေစိုက်စခန်းများတွင် အမေရိကန်တပ်များအား တိုး၍ လက်ခံခြင်းအတွက် တရုတ်၏ အမျက်ထွက်စရာ ဖြစ်စေပြီး ဒေသတွင်း တင်းမာမှုကို “မီးရှို့လိုက်ခြင်း” အဖြစ် တရုတ်က ပြောသည်။

ယခုနှစ်၌ နောက်ထပ် အခြေစိုက်စခန်း လေးခုကို အမေရိကန်အား ဖွင့်လှစ်ခွင့်ပေးမည်ဟု ဖိလစ်ပိုင်က အာမခံထားကာ အချို့သည် ထိုင်ဝမ်နှင့် မြောက်ဘက် မျက်နှာချင်းဆိုင်တွင် ရှိသည်။ အမေရိကန်-တရုတ် ယှဉ်ပြိုင်မှုတွင် မည်သည့်ဘက်မှ မလိုက်ကြောင်း ဖိလစ်ပိုင်က အထပ်ထပ် ပြောထားသည်။

ဒီမိုကရေစီ အုပ်ချုပ်မှု ထိုင်ဝမ်သို့ တရုတ်က တိုက်ခိုက်ခဲ့လျှင် လက်ခံခွင့်ပြုထားသော အဆိုပါ အခြေစိုက်စခန်းများက ကာကွယ်စစ်အတွက် အသုံးဝင်လိမ့်မည်ဟု အမေရိကန်နှင့် နီးကပ်သော ဆက်ဆံရေးရှိရေး ကြိုးပမ်းနေသည့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required