ဒေါ်အောင်ဆန်းစုကြည် အမှုရင်ဆိုင်ရန်ကျန်ရှိသည့် သဘာဝဘေးအမှု ၁ မှုအတွက် ဒေါက်တာဇော်မြင့်မောင် ကိုယ်တိုင်သက်သေထွက်ဆိုမည်

08 December 2021
ဒေါ်အောင်ဆန်းစုကြည် အမှုရင်ဆိုင်ရန်ကျန်ရှိသည့် သဘာဝဘေးအမှု ၁ မှုအတွက် ဒေါက်တာဇော်မြင့်မောင် ကိုယ်တိုင်သက်သေထွက်ဆိုမည်

ဒီဇင်ဘာ ၈

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော သဘာဝဘေးအမှု နှစ်မှုအနက် တရားရင်ဆိုင်ရန် ကျန်ရှိနေသော သဘာဝဘေးအမှု တစ်မှုအတွက် လာမည့် ဒီဇင်ဘာလ ၁၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကိုယ်တိုင် တရားခံပြ သက်သေအဖြစ် လာရောက်ထွက်ဆို သွားမည် ဖြစ်ကြောင်း ရှေ့နေအဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။ 

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမတိုင်မီ နေပြည်တော် ရွှေကြာပင် ရပ်ကွက်အတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင်ပွဲသို့ သွားရောက်ကြည့်ရှု့ ခဲ့သည်ဟုဆိုကာ တရားစွဲဆိုခံထားရသောအမှုဖြစ်သည်။ 

ဒေါက်တာဇော်မြင့်မောင် သက်သေအဖြစ် လာရောက်ထွက်ဆိုရန် ဇဗ္ဗူသီရိမြို့နယ် အထူးတရားရုံးက ဒီဇင်ဘာလ ၆ ရက်တွင် ဆင့်ခေါ်စာ ထပ်မံထုတ်ထားသည်ဟုဆိုသည်။ ယင်း ဆင့်ခေါ်စာမှာ တရားရုံး၏ ဒုတိယအကြိမ် ဆင့်ခေါ်စာဖြစ်သည်။ 

ဒေါက်တာဇော်မြင့်မောင်အနေဖြင့် သက်သေထွက်ဆိုရန်အသင့်ရှိနေပြီး ကျန်းမာရေးကောင်းမွန်ကြောင်း မန္တလေးမြို့ရှိ သူ၏နောက်ထပ်အမှုများအတွက် လိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေအဖွဲ့ကပြောသည်။ 

ယင်းအမှုအတွက် နို၀င်ဘာလ ၉ ရက်က မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် အစည်းအဝေး(CMP)ပြုလုပ်ခဲ့ရာတွင် နို၀င်ဘာလ ၁၆ ရက်တွင် သက်သေအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်းကောင်း၊ နို၀င်ဘာလ ၂၃ ရက်တွင် ခံပြသက်သေအဖြစ် ဒေါက်တာဇော်မြင့်မောင်ကို လည်းကောင်း၊ ဒီဇင်ဘာလ ၇ရက်တွင် နှစ်ဖက်လျှောက်လဲချက်များပေးပြီးနောက် ဒီဇင်ဘာလ ၁၄ ရက်တွင် အပြီးသတ်စီရင်ချက်အမိန့်ချမှတ်မည်ဟု ကနဦး ဆုံးဖြတ်ထားသည်။ 

သို့သော် နို၀င်ဘာလ ၂၃ ရက်က ဒေါက်တာဇော်မြင့်မောင်အနေဖြင့် ရောဂါဝေဒနာ အမျိုးမျိုး ခံစားနေရသည့်အတွက် ခရီးသွားလာခွင့်မပြုကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးအရာရှိ၏ ဆေးလက်မှတ်ကို တရားသူကြီးက စွပ်စွဲခံရသူဘက်အား ထုတ်ပြခဲ့သည်။ 

ထို့ကြောင့် ယင်းနေ့တွင် ဒေါက်တာဇော်မြင့်မောင် သက်သေထွက်ဆိုနိုင်ခြင်း မရှိပေ။ 

ထို့အပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ်  စွဲဆိုထားသော ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ အမှုနှင့် ပို့ကုန်သွင်းကုန်ပုဒ်မ ၈ အမှုအတွက် ဒီဇင်ဘာလ ၆ ရက်တွင် နှစ်ဖက် လျှောက်လဲချက်များပေးခဲ့ကြပြီးဖြစ်ရာ ဒီဇင်ဘာလ ၂၀ ရက်တွင် အပြီးသတ်အမိန့် ချမှတ်သွားရန်ရှိနေသည်။ 

အသက် ၇၆ နှစ်အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှုစုစုပေါင်း ၁၂ မှုရင်ဆိုင်နေရကာ နှစ်မှုအတွက် ပြစ်ဒဏ်ချမှတ်ပြီးသည့်အတွက် ကျန်အမှု ၁၀ မှုအား ဆက်လက် ရင်ဆိုင်နေရခြင်းဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly