ပဲခူးမြို့က နာမည်ကျော် စစ်တပ်ထောက်ခံသူ စန္ဒီမြင့်အောင်၏ ဖခင်အုပ်ကြီးရုံး ဗုံးဖေါက်ခွဲခံရ

ပဲခူးမြို့က နာမည်ကျော် စစ်တပ်ထောက်ခံသူ စန္ဒီမြင့်အောင်၏ ဖခင်အုပ်ကြီးရုံး ဗုံးဖေါက်ခွဲခံရ

အောက်တိုဘာ ၂၄

အာဏာသိမ်းစစ်တပ်ကိုထောက်ခံရာတွင် နာမည်ကျော်တစ်ဦးဖြစ်သော ပဲခူးမြို့က စန္ဒီမြင့်အောင်၏ဖခင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ရုံးတွင် ယနေ့နေ့လည်က လူအသေအပျောက်မရှိသော ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ကလျာဏီရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၏ရုံးကို နေ့ခင်း ၂နာရီခွဲအချိန်ခန့်က ပြင်ပမှလက်ပစ်ဗုံးပစ်သွင်းခြင်းခံရ၍ ရုံးပျက်စီးမှုအနည်းငယ်ဖြစ်သွားသည်။

“ လူတော့ မထိဘူး။ ရုံးက မှန်နဲ့ အနည်းငယ် ပျက်ဆီးသွားတယ်။ ဒီရုံးက စန္ဒီမြင့်အောင်ရဲ့ အဖေရုံးလေ။ သူက အမေစုကို ဖေ့ဘွတ်မှာ မိုက်မိုက်ရိုင်းရိုင်းဆဲလို့ ထောင်ခြောက်လကျဖူးတယ်။ အကြီးစား ဒလန်ပေါ့။ သူ့အဖေမြင့်အောင်လဲ သူ့သမီးမြှောက်ပေးတာလိုက်လုပ်နေတာ”ဟု ရပ်ကွက်သားတစ်ဦးက ပြောသည်။

၎င်းရုံးဗုံးပေါက်ကွဲမှု့ဖြစ်ပွါးခဲ့ပြီးနောက် ဥဿာမြို့သစ် ရပ်ကွက် (၇) ရှိ အုပ်ချုပ်ရေးမှူးအိမ်တွင် လက်လုပ်ဗုံးတွေ့ရှိခဲ့ပြီး စစ်ကောင်စီက လာရောက်ရှင်းလင်းခဲ့သည်။ ရှင်းလင်းနေစဉ် ပင်စည်မီးပွိုင့်အနီးဖြတ်သန်းသွားလာသည့် ခြံရှင်းလုပ်သားအမျိုးသားသုံးဦးကို အကြောင်းမဲ့ ရိုက်နှက်ထိန်းသိမ်းခဲ့သေးသည်။

ပေါက်ကွဲမှုဖြစ်သော ရပ်ကွက်ရုံးရှေ့တွင် နေ့စဉ်လိုလို ပြည်သူများကို စစ်ဆေးနေပြီး ဆိုင်ကယ်မောင်းနှင်သူများကို ဒဏ်ငွေအမျိုးမျိုးတပ်လေ့ရှိသည်။

“ အချိန်မတော် ဧည့်စာရင်းစစ်တယ်။ သူတို့ခေါ်တာ ချက်ချင်းထွက်မလာရင် ဆဲတယ် ခြိမ်းခြောက်တယ်။ သေနတ်တကားကားနဲ့ နှာခေါင်းမှာ ဘုထွက်နေတဲ့ သူ့တပြည့်က မူးမူးနဲ့အော်ဆဲနေတာပဲ။ ”ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါရပ်ကွက်ရုံး ဗုံးပေါက်ကွဲမှု့မှာ ဒုတိယအကြိမ်ဖြစ်ပြီး ဇွန်လ ၁၇ ရက်နေ့ကလည်း လူသူထိခိုက်မှုမရှိသော ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required