စစ်ကောင်စီ ထိန်းချုပ်သည့် ဘဏ် ၂ ခုနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ကို ဒဏ်ခတ်ပိတ်ဆို့ကြောင်း အမေရိကန် ထုတ်ပြန်

By ရိုက်တာ/US State Department
22 June 2023
စစ်ကောင်စီ ထိန်းချုပ်သည့် ဘဏ် ၂ ခုနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ကို ဒဏ်ခတ်ပိတ်ဆို့ကြောင်း အမေရိကန် ထုတ်ပြန်
Photo-AFP

နိုင်ငံခြားငွေများဖြင့် လက်နက်နှင့် အခြား ကုန်များ ဝယ်ယူရာတွင် မြန်မာအာဏာသိမ်းစစ်တပ် အသုံးပြုသော ဘဏ်ကြီး နှစ်ခု နှင့် စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာနတို့ကို အမေရိကန်အစိုးရက ဇွန်လ ၂၁ ရက်တွင် အရေးယူပိတ်ဆို့မှုများ ချမှတ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြသည်။

စစ်ကောင်စီအတွက် ဝင်ငွေအများအပြားကို ရှာဖွေပေးသော နိုင်ငံပိုင်လုပ်ငန်းများအပါအဝင် စစ်ကောင်စီအတွက် နိုင်ငံခြားငွေများကို လက်ခံ၊ လွှဲပြောင်းပေးသည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ခြင်း ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာနအတွက် ပြည်ပမှ လက်နက်များ ဝယ်ယူရန် စစ်အုပ်စု၏ နိုင်ငံခြားငွေကြေး အသုံးပြုမှုကို လွယ်ကူချောမွေ့စေရာတွင် MFTB နှင့် MICB တို့က အခရာကျကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြသည်။

ထို့ပြင် အဆိုပါဘဏ်ကြီးနှစ်ခုကြောင့် နိုင်ငံ၏ ဝင်ငွေရှာဖွေပေးနေသော နိုင်ငံပိုင်လုပ်ငန်းများအနေဖြင့် ဘဏ်၏ ပြည်ပအကောင့်များကို အသုံးပြုလျက် နိုင်ငံတကာဈေးကွက်များထဲ အလွယ်တကူ ဝင်ရောက်ထိတွေ့နိုင်ခွင့်ရစေသည့်အတွက် ယင်းသည် အာဏာသိမ်းစစ်အုပ်စု စစ်ရေးရည်ရွယ်ချက်များအတွက် အသုံးချစေရန် သိသာထင်ရှားသော ဘဏ္ဍာရေး ရင်းမြစ်များကို ပံ့ပိုးပေးကြောင်း ဝက်ဘ်ဆိုဒ်တွင် ဖော်ပြသည်။

နိုင်ငံအတွက် စစ်မှန်သော ဒီမိုကရေစီ အနာဂတ်တစ်ခု၊ ငြိမ်းချမ်းမှုနှင့် တရားမျှတမှုတို့ကို ရရှိစေရေး ကြိုးပမ်းနေသည့် မြန်မာပြည်သူတို့ကို အမေရိကန်အစိုးရအနေဖြင့် မယိမ်းမယိုင် ထောက်ခံအားပေးသွားမည်ဟုလည်း ယင်းက ဖော်ပြသည်။

ရုရှား၏ ကာကွယ်ရေးကဏ္ဍသို့ မြန်မာစစ်အုပ်စု၏ ငွေကြေးလွှဲပြောင်းနိုင်စွမ်းအပေါ် ကန့်သတ်ပိတ်ပင်ရင်း တစ်ချိန်တည်းမှာပင် စစ်အုပ်စု၏ အကြမ်းဖက်မှုကို ဆက်လုပ်ရန်နှင့် အကျပ်အတည်းကို ရှည်ကြာစေရန် နိုင်ငံတကာဘဏ္ဍာရေးစနစ်အပေါ် အသုံးချနိုင်စွမ်းအပေါ် ထိန်းချုပ်ဟန့်တားရေးအတွက် မိမိတို့အနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းရှိ မိတ်ဖက်ပါတနာများ၊ မဟာမိတ်များနှင့် ဆက်လက် လက်တွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြသည်။

US imposes sanctions on Myanmar's defense ministry, two banks -Treasury website
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly