ပဲခူးတွင် ရေကြီးရေလျှံမှုဆက်ဖြစ်၊ ကားလမ်းနှင့် ရထားလမ်းများ ပြတ်တောက်

By ရွှေနွယ်( မဇ္ဈိမ )
09 October 2023
ပဲခူးတွင် ရေကြီးရေလျှံမှုဆက်ဖြစ်၊ ကားလမ်းနှင့် ရထားလမ်းများ ပြတ်တောက်

ပဲခူးတိုင်း၊ ပဲခူးမြို့တွင် မြစ်ရေ၊ ချောင်းရေများ ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး မြို့ပေါ်ရပ်ကွက် အားလုံး ရေနစ်မြုပ်လျက်ရှိကာ ပဲခူးမြို့ကိုဖြတ်ကျော်၍ ကားလမ်း၊ ရထားလမ်းများသွားလာ၍မရတော့ ဘဲ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေကြောင်း ယနေ့ အောက်တိုဘာ ၉ ရက် နံနက်ပိုင်းက ဒေသခံ များထံ ဆက်သွယ်မေးမြန်ချက်အရ သိရ သည်။

ယနေ့ နံနက်ပိုင်း တိုင်းတာချက်များအရ ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် လေးပေ၊ နှစ်လက်မခန့် မြင့်တက်နေဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထား သည်။

“ရေက ဆက်တိုးနေတုန်းပဲ။ မိုးကလည်း ရွာနေတုန်း။ မီးကတော့ မနေ့ညတည်းက ပျက်သွားပြီ။ ဖုန်းလိုင်း လည်း မိုင်တဲလောက်ပဲ ကောင်းကောင်းမိတော့တယ်။ MPT တာဝါတိုင်တခု မနေ့ညက လဲတယ်ကြား တယ်၊ MPT လိုင်းတွေ ဒီမနက် မကောင်းတော့ဘူး။ တမြို့လုံးမှာ ရေမကြီးတာဆိုလို့ ကုန်းမြင့်တဲ့ ဟင်္သာကုန်းတခုပဲ ကျန်တယ်” ဟု ကရုဏာလက်များပရဟိတအသင်းတာဝန်ရှိသူမှ မဇ္ဈိမကိုပြောသည်။

ပဲခူးမြို့ရှောင်လမ်းသည်လည်း လမ်းပြိုကျနေကြောင်း၊ ပဲခူး−ရန်ကုန်ကားလမ်းတွင်လည်း အိမ်စီးကား များသွားလာ၍ မရတော့ကြောင်း၊ ကျောက်ကြီးစုရပ်ကွက်သည် ရေဝင်ရောက်မှုအများဆုံးနှင့် ရေအနက် ဆုံးဖြစ်ပြီး ပဲခူးဆေးရုံတဝိုက်တွင်လည်း ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။

“ကျောက်တွင်းကုန်းလမ်းဆုံမှာလည်း ရေကကျော်နေပြီ။ အမှတ်(၃)ကျောင်းရှေ့မှာလည်းရေကျော်၊ မြို့ ရှောင်လမ်းလည်း ပျက်သွားပြီ။ မြို့ထဲလမ်းတွေမှာ ကားသေးဆိုရင် မြုပ်တယ်” ဟု ဒေသခံတဦးကပြော သည်။

ပဲခူးမြို့ရှောင်လမ်းသည် ယမန်နေ့ အောက်တိုဘာ ၈ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်က ကုက္ကိုတန်းအနီး ပြွန်ပေါက် ၉/၈ ရေတိုက်စားမှုကြောင့် မြေသားပဲ့ကျကာ ကျိုးကျခဲ့ကြောင်းသိရှိရသည်။

လက်ရှိတွင် ပဲခူးမြို့ပေါ်၌ ကယ်ဆယ်ရေးစခန်း ၂၉ ခုဖွင့်လှစ်ထားကာ ဒေသခံ သောင်းနှင့်ချီ၍ ရေဘေး ဒုက္ခသည်စခန်းများသို့ သွားရောက်ခိုလှုံနေကြရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ပဲခူးမြို့သို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေး(အထူး)တပ်ဖွဲ့ဝင်များလည်း စေလွှတ်ထား ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ကြေညာထားသည်။

“ကျွန်တော့်အသက် ၅၆ နှစ်ထဲဝင်ပြီ။ ဒီတခါ ရေကြီးတာ အဆိုးဆုံးပါ” ဟု ပဲခူးမြို့မှဒေသခံတဦးက လည်း ပြောသည်။

“တော်တော်အခြေနေဆိုးပါတယ်၊ ပျက်စီးဆုံးရှုံးမှုကြီးမယ်၊ သူ့မကယ်နိုင် ကိုယ့်မကယ်နိုင်အခြေနေပါ”၊ “ပဲခူးရေကြီး Mpt မရ၊ အင်တာနက်မရ မီးဖျက်ထားတော့ အိမ်ဖုန်းခေါ်မရ” ၊ “နေလာတဲ့ အနှစ်၂၀ မပြော နဲ့ ပဲခူးသမိုင်းမှာ အခုလိုမြို့လုံးကျွတ်ရေကြီးတာ/ ရေမြုပ်တာလုံး၀မရှိဖူးဘူး အခုတော့ နေရာတိုင်းလိုလို မှာ ရေတွေကြီးပါပဲလား။ ဒီတိုင်းသာဆို သမိုင်းထဲကလို ဟင်္သာကုန်းလေးပဲ ကျန်ခဲ့တော့မယ်” ဟု ပဲခူးမြို့ ခံများက ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် မျှဝေထားသည်ကိုတွေ့ရသည်။

ပဲခူးမြို့တွင် ယမန်နေ့ အောက်တိုဘာ ၈ ရက်နေ့က မိုးရေချိန် ၇.၈၇ လက်မဖြင့် နှစ်ပေါင်း ၅၉ နှစ်အတွင်း အများဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း စစ်ကောင်စီ၏မိုးဇလမှ ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required