ကလေးမြို့တွင် မိုးကြီးပြီး ရေကြီးရေလျှံ

By KMN (မဇ္စျိမ)
08 September 2023
ကလေးမြို့တွင် မိုးကြီးပြီး ရေကြီးရေလျှံ
ယနေ့ စက်တင်ဘာ ၈ ရက်နံနက်က ကလေးမြို့ နေရာအချို့ ရေကြီးရေလျှံနေမှု (Photo - CJ/FB)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင်ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့ညနေပိုင်းမှစတင်ကာ ယနေ့ စက်တင်ဘာ၈ရက် နံနက်အထိ မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြို့ပေါ်ရပ်ကွက်အချို့နှင့်ကျေးရွာများ၌ ရေကြီးရေလျှံမှုဘေး ကြုံတွေ့နေကြောင်း ဒေသခံများမှသိရသည်။

ကလေးမြို့နယ်နှင့်ထိစပ်နေသည့် ချင်းတောင်တန်းတွင် မိုးသည်းထန်နေပြီး တောင်ကျရေများသည်  ဥပုသ်ချောင်းနှင့် မြစ်သာမြစ်အတွင်း စီးဝင်ပြီးနောက် မြစ်၊‌ ချောင်းများရေလျှံနေခြင်းဟု သိရသည်။

ယနေ့ စက်တင်ဘာ ၈ ရက်နံနက်က ကလေးမြို့ နေရာအချို့ ရေကြီးရေလျှံနေမှု (Photo - CJ/FB)

"ဥပုသ်ချောင်းဘေး တလျှောက်မှာရေလျှံနေတာပါ။ ချောင်းဘေးရပ်ကွက်တွေရေဝင်နေတာပေါ့။ ထမင်းထုတ်တွေဝေဖို့ လုပ်နေပါတယ်"ဟု ကလေးမြို့၊ မေတ္တာထွဋ်ခေါင်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတဦးက ပြောသည်။

ချောင်းရေဆက်လျှံနိုင်၍ ရေဘေးသတိပြုရန် ၎င်းက အသိပေးသည်။

ယနေ့ စက်တင်ဘာ ၈ ရက်နံနက်က ကလေးမြို့ နေရာအချို့ ရေကြီးရေလျှံနေမှု (Photo - CJ/FB)

ယနေ့ နံနက်တွင်  မင်္ဂလာဥယျာဉ်၊ ညောင်ပင်သာ၊ အောင်မင်္ဂလာ၊ အောင်‌မေတ္တာ၊ တာဟန်း၊ ကြို့သုံးပင်၊ ပင်လုံစသည့် မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်ရောက်နေပြီး တာဟန်းဈေးရှိ ဈေးဆိုင်တချို့ပိတ်ထားရကြောင်းသိရသည်။

ယနေ့ တိုင်းတာချက်အရ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ၂၅ပေခန့်ရှိနေပြီး စိုးရိမ်ရေအမှတ်အနီးသို့ရောက်ရှိနေကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားသည်။

ယနေ့ စက်တင်ဘာ ၈ ရက်နံနက်က ကလေးမြို့ နေရာအချို့ ရေကြီးရေလျှံနေမှု (Photo - CJ/FB)

ယနေ့ ရာသီဥတုအခြေအနေအရ  စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။ ကလေးမြို့နယ်တွင် ၂၀၁၅ ခုနှစ် မိုးရာသီက ဆိုးရွားသည့်ရေကြီးရေလျှံမှု ကြုံတွေ့ခဲ့ဖူးသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required