ကြာအင်းဆိပ်ကြီးတွင် ဇမိမြစ်ရေတက်လာမှုကြောင့် ရပ်ကွက်အချို့ ရေကြီးရေလျှံမှုဖြစ်

By ကိုရွှေမြိတ်(မဇ္ဈိမ)
07 August 2023
ကြာအင်းဆိပ်ကြီးတွင် ဇမိမြစ်ရေတက်လာမှုကြောင့် ရပ်ကွက်အချို့ ရေကြီးရေလျှံမှုဖြစ်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့တွင် မိုးဆက်တိုက်ရွာသွန်းပြီး ဇမိမြစ်ရေတက်လာခြင်း ကြောင့် ရပ်ကွက်အချို့ ရေကြီးရေလျံမှုဖြစ်ပွားနေကြောင်း ပရဟိတအသင်းအဖွဲ့များထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့တွင် ဇူလိုင်လ ၃၀ ရက်နေ့မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး ဇမိမြစ်ရေ မြင့် တက်လာမှုကြောင့် လက်ရှိ ဩဂုတ်လ ၇ ရက်နေ့အထိ ရေဘေးဒုက္ခသည် ၅၀၀ ကျော်ပြောင်းရွှေ့ထားရ ကာ ဆိုင်ကလုံးစင်တာနှင့် မူကြိုကျောင်းတို့၌ ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့ ကျန်းမာရေးပရဟိတအဖွဲ့၏ တာဝန်ရှိသူတဦးက “မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့ ချောင်းဖျားရေ၊ တောင်ကျရေတို့ကြောင့် ရေကဆက်ကြီးနိုင်ပါတယ်။ အခု ရပ်ကွက်(၆)က လုံး၀နီးပါးမြုပ် သွားလို့ အကုန်ပြောင်းရွှေ့ထားရပြီး အခြားရပ်ကွက်တွေမှာလည်း ရေစဝင်နေပြီ”ဟု ပြောသည်။

နှစ်စဉ် မိုးရာသီ၌ ကြာအင်းဆိပ်ကြီးမြို့၏ ရပ်ကွက် (၃)၊ (၄)၊ (၅)၊ (၆) တို့တွင် ပုံမှန် ရေကြီးရေလျှံမှု ဖြစ် ပွားလေ့ရှိပြီး လက်ရှိတွင် မြေနိမ့်ပိုင်းရှိ ရပ်ကွက်(၆)မှာ ရွှေ့ပြောင်းထားရကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့တွင် ဇမိမြစ်ရေမှာ ဩဂုတ်လ ၇ ရက်နေ့ နံနက်ပိုင်းအချိန် တိုင်းထွာချက်အရ ၃၀ ပေ ခုနစ်လက်မရှိနေပြီး စိုးရိမ်ရေ အမှတ်မှာ ၃၅ ပေ ဖြစ်သည်။

“လက်ရှိကတော့ ရေဘေးဒုက္ခသည်တွေကို အလှူရှင်တွေ လာရောက်လှူဒါန်းပေးနေတာမျိုးတော့ ရှိပါ တယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးနေပေမယ့် လုံလောက် မှုတော့ မရှိသေးဘူး။ အရင်လိုအနေအထားမဟုတ်တော့ ဘယ်သူမှအသံမထွက်ရဲဘူးဖြစ်နေတယ်”ဟု ရေဘေးကယ်ဆယ်ရေး ကူညီပေးနေသူတဦးကပြောသည်။

လက်ရှိတွင် ဇမိမြစ်ရေမြင့်တက်မှုကြောင့် ကြာအင်းဆိပ်ကြီးမြို့တွင် အိမ်ထောင်စု ၁၅၆ စု၊ လူဦးရေ ၅၆၁ ဦးသည် ဆိုင်ကလုံးစင်တာနှင့် ဘေးလွတ်ရာနေရာများကို ပြောင်းရွှေ့နေထိုင်နေရကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required