ပဲခူးမြို့တွင် ၅၉ နှစ်အတွင်း အမြင့်ဆုံး မိုးရေချိန်အဖြစ် စံချိန်တင် ၊ မြို့ပေါ်ရပ်ကွက် အားလုံးနီးပါးရေဝင်ရောက်

By ရွှေနွယ်(မဇ္ဈိမ)
08 October 2023
ပဲခူးမြို့တွင် ၅၉ နှစ်အတွင်း အမြင့်ဆုံး မိုးရေချိန်အဖြစ် စံချိန်တင် ၊ မြို့ပေါ်ရပ်ကွက် အားလုံးနီးပါးရေဝင်ရောက်
ပုံအညွှန်း- ပဲခူးတွင် စံချိန်တင် မိုးများ၍ ရပ်ကွက်အတွင်း ရေကြီး၊ ရေလျှံမှုများဖြစ်ပွား(ဓာတ်ပုံ - လူမှုကွန်ရက်)

ပဲခူးမြို့တွင်   မိုးများပြီး  နှစ်ပေါင်း ၅၉ နှစ်အတွင်း အမြင့်ဆုံး မိုးရေချိန်အဖြစ် ၇.၈၇ လက်မဖြင့်  ယနေ့ စံချိန်သစ် တင်ခဲ့ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

 မြစ်ရေ၊ ချောင်းရေများ စိုးရိမ်ရေမှတ်ကျော်လွန်နေကာ ယနေ့ အောက်တိုဘာလ ၈ ရက်၌ ပဲခူးမြို့ မြို့ပေါ်ရပ်ကွက်များအားလုံးတွင် ရေဖုံးလွှမ်းလျက်ရှိ‌ေကြာင်း သိရသည်။  ထို့ကြောင့် ဒေသခံများ ရေဘေးရှောင်စခန်းများသို့ ရွှေ့ပြောင်းနေကြရပြီး
ပဲခူး− ရန်ကုန်ကားလမ်းတွင်လည်း ရေနစ်မြုပ်နေသည်မှာ လူတရပ်နီးပါးရှိကြောင်း ဒေသခံများက ပြောသည်။

  ယမန်နေ့ အောက်တိုဘာ ၇ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ရေမြင့်တက်လာခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။  

"ကျွန်တော့် အသက် ၄၀ ရှိပြီ။ တခါမှဒီလောက်ရေကြီးတာမကြုံဖူးဘူး။ ကျွန်တော်တို့ငယ်ငယ်ကတော့ ရေတော်တော်ကြီးတာတခါရှိခဲ့တယ်။ အခုကတော့ မြို့လယ်ခေါင်နာရီစင်နားအထိ ရေရောက်နေပြီ။ ပဲခူးမြို့သမိုင်းမှာ အဲ့ဒီနေရာကို ရေတခါမှမရောက်ဖူးဘူးဗျ” ဟု ချမ်းမြေ့ဇေယျာ ပရဟိတအသင်းတာဝန်ရှိသူက ပြောသည်။

ယနေ့ အယ ညနေပိုင်းအချိန် ရေဝင်ရောက်မှုအနေအထားအရ ကျွန်းသာယာရပ်ကွက်၊ ကျောက်ကြီးစုရပ်ကွက်၊ မဇင်းရပ်ကွက်နှင့် ကလျာဏီရပ်ကွက်တို့သည် ရေဝင်ရောက်မှုအဆိုးဝါးဆုံးရပ်ကွက်များဖြစ်ပြီး၊ ရွှေနံသာရပ်ကွက် ရေဘေးကူညီကယ်ဆယ်ရေးစခန်းသည် ယနေ့တွင် ရေနစ်မြုပ်သွားသည့်အတွက် အဆိုပါ စခန်းမှရေဘေးရှောင်များအား ရွှေမောဓောဘုရားသို့ ပြောင်းရွှေ့ပို့ဆောင်နေရကြောင်းသိရသည်။

"မြို့ပေါ်မှာ ကယ်ဆယ်ရေးစခန်းများမယ်ဗျ။  ၁၀ ခုလောက်ရှိနေမယ်။ ရေကဆက်တိုးနေတုန်းပဲ။ မိုးရေချိန်လည်းများနေတယ်။ ဆည်တွေရေကျော်နေပြီလို့လည်းကြားထားတယ်။ ဆည်ကရေကျော်တော့ မြေနိမ့်ပိုင်းတွေခံရတာပေါ့" ဟု ချမ်းမြေ့ဇေယျာ ပရဟိတအသင်းတာဝန်ရှိသူက ပြောသည်။

မော်လမြိုင်မှ ရန်ကုန်သို့သွားရောက်မည့် ခရီးသည်တင်ရထားတစီးသည်လည်း ပဲခူးမြို့တွင်းရေကြီးနေသည့်အတွက် သွားလာ၍မရသောကြောင့် ဝေါမြို့တွင် ရပ်နားထားရကြောင်း မြန်မာ့မီးရထားလူမှုကွန်ရ က်စာမျက်နှာတွင် မျှဝေထားသည်ကိုတွေ့ရသည်။ထို့ပြင် ရန်ကုန်−မန္တလေး အဆန်ရထားခရီးစဉ်များလည်းဖျက်သိမ်းထားကြောင်း သိရသည်။

"ပဲခူးရေကြီး အခြေအနေမကောင်း ဈေးပိုင်း ၁၉ လမ်းထိပ်ကရေတံခါးပွင့် သွားပြီး ဈေးပိုင်း‌ထဲပါရေတွေဝင်လာပြီ" ၊ "ပဲခူးလှေစီးနေပြီ" ၊ "ပဲခူးမြို့၊ကျွန်းသာဟာဓါတ်ဆီဆိုင်ရှေ့မှ ယာဉ်ဝင်းသစ်ဝင်ပေါက်ရှေ့အထိ ရေ ကျော်နေပါပြီ။ ကားလေးဖြတ်ရန်မသင့်တော့ပါ” အစရှိသဖြင့် ပဲခူးမြို့ဒေသခံအသီးသီးမှ ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင်မျှဝေထားသည်ကိုလည်းတွေ့ရသည်။

ပဲခူးမြစ်ရေသည် ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်တိုင်းတာချက်အရ ၉၅၆ စင်တီမီတာသို့ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်အထက် နှစ်ပေနှင့် ငါး လက်မခန့်ရှိနေကြောင်းနှင့် နောက်နရက်အတွင်း စိုးရိမ်ရေမှတ်အထက် သုံးပေသို့ ဆက်လက်မြင့်တက်နိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
ပဲခူးမြို့တွင် ယနေ့ မိုးအသင့်အတင့်ထစ်ချုန်းရွာနိုင်ပြီး တခါတရံ မိုးသည်းထန်နိုင်ကြောင်းလည်း မိုးဇလက ထုတ်ပြန်ထားသည်။

စာတည်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required