ဘဏ်ဓားပြမှုထဲက သီလရှင် ၂ ပါးနှင့် ပဟေဠိများ

ဘဏ်ဓားပြမှုထဲက သီလရှင် ၂ ပါးနှင့် ပဟေဠိများ
သီလရှင်ညီအမနှစ်ပါး

ဧရာဝတီဘဏ်ကားနှစ်စီးပေါ်က ငွေများလုယက်မှုနှင့် ပတ်သက်သည်ဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးခံရသူများတွင် သီလရှင်နှစ်ပါးဖြစ်သည့် ဒေါ်ဥပ္ပသမာနှင့် ဒေါ်ဓမ္မစာရီတို့ ပါဝင်သည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် "တရားခံများ၏ထွက်ဆိုချက်အရ ည ၁၀ နာရီခွဲတွင် ဓားပြတိုက်ဖြစ်စဉ်ပါ လက်နက်/ခဲယမ်းနှင့် ငွေကြေးများအား ဥဿာ မြို့သစ်၊ ရပ်ကွက်ကြီး ၈ ရှိ "ဓမ္မဒူတ" သီလရှင်ကျောင်းတိုက်တွင် အပ်နှံထား ကြောင်းသိရှိရသဖြင့် ဆက်လက်ရှာဖွေခဲ့ရာ ကျောင်းတိုက်တွင် ဒေါ်ဥပ္ပသမာနှင့် ဒေါ်ဓမ္မစာရီတို့ နှစ်ဦးအား တွေ့ရှိပြီး ၎င်းတို့ထံအပ်နှံထားသော AK-47 သေနတ် နှစ်လက်၊ ၎င်းကျည်အိမ်လေးခု၊ ၎င်းကျည် ၂၂၀ တောင့်၊ MK-12 သေနတ် ခြောက်လက်၊ ၎င်းကျည်အိမ် တို/ရှည် ၁၂ ခု၊ ဆက်စပ်ပစ္စည်း ခြောက်စုံ၊ ငွေစက္ကူထည့်ထားသော ဆာလာအိတ် ၁၄ ထုပ်၊ ဆာလာအိတ်အပိုင်းနှစ်ပိုင်း၊ ပလပ်စတစ်အနက်ရောင် အထုပ်သေး ကိုးထုပ်တို့အား ဆွမ်းစားဆောင်အတွင်းမှ သိမ်းဆည်းရမိခဲ့သည်။"ဟု ပါရှိသည်။

မဇ္ဈိမ၏ Investigative Journalism အစီအစဉ်က ဖမ်းခံထားရသော သီလရှင် နှစ်ပါးနှင့်ပတ်သက်၍ စုံစမ်းခဲ့သည်။ စစ်ကောင်စီထုတ်ပြန်ချက်တွင် သီလရှင် တစ်ပါးဘွဲ့အမည်နှင့် ကျောင်းတိုက်အမည်နှင့် လိပ်စာ မှားယွင်းမှုနှင့် မပြည့်စုံမှုများရှိခဲ့သည်။

ပညာထူးချွန်သော သီလရှင်နှစ်ပါး

သက်တော် ၅၂ နှစ်အရွယ် ဒေါ်ဥပသမာ နှင့် သက်တော် ၄၄ နှစ်အရွယ် ဒေါ်ဓမ္မစာရီတို့သည် ပဲခူး ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး (၅) ရှိ ဓမ္မဒူတမဂ္ဂင် နန်းဦးသီလရှင်စာသင်တိုက်မှ သီလရှင်များဖြစ်ကြပြီး ညီအမအရင်းများဖြစ် သည်။

သူတို့သည် ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာ ရာမကျောင်းတိုက်ကြီး၏ ပဓာန နာယကဆရာတော် ပါမောက္ခ ဒေါက်တာ အရှင်ဆေကိန္ဒ၏ တူမအရင်းများလည်းဖြစ်ကြသည်။ ဆရာတော်နှင့် သီလရှင် နှစ်ပါး၏ မိခင်သည် မောင်နှစ်မများဖြစ်ကြသည်။

ဒေါ်ဥပသမာ သီလရှင်ဝတ်သည်မှာ ၂၄ ဝါရှိပြီဖြစ်ပြီး မန္တလေးတက္ကသိုလ်တွင် ဘွဲ့ရကာ စစ်ကိုင်းဘက်တွင် ကျောင်းဆရာမဝင်လုပ်ခဲ့သူဖြစ်သည်။

ဒေါ်ဓမ္မစာရီသည် သီလရှင်မဝတ်ခင်က ထောက်ကြံ့၊ မှော်ဘီဘက်တွင် ဒဿမ တန်းကျောင်းသားများကို ဝိုင်းကျူရှင်အဖြစ် သိပ္ပံတွဲသင်ရာ စာအသင်အပြ ကောင်းသည်ဟု နာမည်ကောင်းထွက်သော ဆရာမတစ်ဦးဖြစ်သည်။
အသက် ၂၈ နှစ်အရွယ်တွင် သီလရှင်ဝတ်ခဲ့သော ဒေါ်ဥပသမာသည် ဗုဒ္ဓစာပေ အရာတွင်လည်း ထက်မြက်သည်။

ဒကာရင်းတစ်ဦးက ဒေါ်ဥပသမာနှင့်ပတ်သက်၍ " သီလရှင်စာအတော် ထူးချွန်တယ်၊ အစိုးရစစ် ဘာစာမေးပွဲဖြေဖြေ အဆင့်ဝင်တယ်၊ ပါဠိတစ်ခု မြင်ရင် ဘယ်ကျမ်း၊ ဘယ်နိကာယ်ဆိုတာ လက်တန်းပြောနိုင်တယ်။" ဟု မဇ္ဈိမကို ပြောသည်။

သီလရှင်ဝတ်ပြီးနောက် မွန်ပြည်နယ် ဓမ္မဒူတကျောင်းတိုက်တွင် စာဝါလိုက်ကာ အကြီးတန်းအထိဆုများဆွတ်ခဲ့ခဲ့သူ ဒေါ်ဥပသမာသည် ဓမ္မာစရိယတန်း သင်ယူခဲ့သော်လည်း ဝင်ရောက်ဖြေကြားခြင်းမရှိသည်ကို တွေ့ရသည်။

"ဘုန်ကြီး၊ သီလရှင် လောကမှာ စာတော်လို့ နာမည်ကြီးတယ်။ သူက အဲသလို နာမည်ကြီးတာ မကြိုက်ဘူး။ ဓမ္မာစရိယ အဲဒါကြောင့် ဝင်မဖြေတာ"ဟု ဒကာမ တစ်ဦးက ပြောသည်။

" ဘုရားစာတွေ အမှားလည်း မရေးချင်ဘူး။ ရေးပြီး အကုန်မှန်လည်း ဘာဘွဲ့ ညာဘွဲ့တွေ မလိုချင်ဘူးဆိုပြီး ပြောတယ်။" ဟု သူက ပြန်လည်ပြောပြသည်။

ဓမ္မဒူတမဂ္ဂင်နန်းဦးသီလရှင်စာသင်တိုက်ဆိုသည်မှာ

ကျောင်းတိုက်နှင့်ပတ်ဝန်းကျင်ပြပုံကြမ်း

သီလရှင်ညီအမနှစ်ပါးတည်းသီတင်းသုံးသော ကျောင်းတိုက်ဝင်းသည် နှစ်ဧက လျော့လျော့ကျယ်ဝန်းပြီး သစ်ပင်များ ထူထပ်စွာပေါက်ရောက်သည်။ ဝင်း အတွင်း ဝါးတဲတစ်ခု၊ မူလတစ်ပါးဆောင်၊ ဆွမ်းစားဆောင် (လက်နက်များနှင့် ငွေထုပ်များ တွေ့ရှိသည်ဆိုသောနေရာ) ၊ အိပ်ဆောင်၊ သစ်သားဆောင်နှင့် နဂါးရုံဘုရားတစ်ဆူရှိသည်။ ကျောင်းတိုက် သည် မူလအလှူရှင်အမည်ဖြင့် သာသနာ့မြေအဖြစ်စာရင်းပေါက်သည်။

မြို့ရှောင်လမ်းမဘက်မှလာလျှင် ရပ်ကွက်အတွင်းမှ ဖြတ်လာသော လမ်းသည် ကျောင်းတိုက်ရှေ့ကိုဖြတ်သွားရာ ကျောင်းတိုက်နံဘေး ကပ်လျက် ဆက်သွား သည်။ အဆိုပါလမ်း၏တစ်ခြားဘက်ခြမ်းတွင် ဘုန်းကြီးကျောင်းများရှိသည်။ ကျောင်းတိုက်နောက်ဘက်တွင်လည်း ဘုန်းကြီးကျောင်း တစ်ကျောင်းရှိသည်။

ဖမ်းဆီးပုံ

စစ်ကောင်စီထုတ်ပြန်ချက်တွင် သီလရှင်နှစ်ပါးကို စက်တင်ဘာ ၁၃ ရက် ည ၁၀ နာရီ ၃၀ မိနစ်တွင် ဖမ်းဆီးသည်ဟု ဖော်ပြထားသည်။

ရပ်ကွက်နေသူများက ပြန်ပြောရာတွင် အိမ်စီးကားအဖြူတစ်စီးနှင့် ဆိုင်ကယ် သုံးစီးပါဝင်သော အုပ်စုက လာခေါ်သွားသည်ကို တွေ့လိုက်ရသည်ဟုဆိုသည်။ ကားမောင်းသမား၏ဘေးတွင် လိုက်ပါလာသူကလည်း အရပ်ဝတ်ဖြင့်ပင် ဖြစ်သဖြင့် " ဒကာတွေလာပင့်တယ်လို့ထင်ခဲ့တာ" ဟု တစ်ဦးကဆိုသည်။

ဖမ်းဆီးရာတွင်စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဝင်ရောက်ခေါ် သွားခြင်းမရှိသည်ကို မဇ္ဈိမက စုံစမ်းသိရှိရသည်။

ဖမ်းဆီးရန်လာသည်ကိုမမြင်လိုက်ကြရဘဲ ခေါ်ဆောင်သွားမှသာ မြင်တွေ့ ရခြင်းဖြစ်သည်ဟု ရပ်ကွက်နေသူများက ပြောသည်။

အဖမ်းခံရကြောင်း အကြောင်းကြားခြင်း

ကျောင်းတိုက်သို့သွားရာလမ်းများ

စက်တင်ဘာ ၁၄ ရက်နံနက် ၆ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းမြို့ရှိ ညီမဖြစ်သူထံ အော်ရီဒူးဖုန်းနံပါတ်တစ်ခုမှ ''ငါ့ကိုခေါ်သွားကြပြီ'' သော SMS စာတိုကို လက်ခံရရှိခဲ့သဖြင့် မက်ဆေ့ချ်ပြန်ပို့သော်လည်း ပြန်စာမလာတော့ဟု မဇ္ဈိမက တဆင့်ကြားသိရသည်။ စာလက်ခံရရှိသော ကာယကံရှင်ကိုတော့ ဆက်သွယ်၍ မရနိုင်ပါ။

များမကြာမီတွင် ဓမ္မဒူတမဂ္ဂင်နန်းဦးစာသင်တိုက်သို့ ပုံမှန်အဝင်အထွက်ရှိနေသူ တစ်ဦး သွားရောက်ရာတွင် ကျောင်းဝင်း တံခါးပွင့်နေပြီး စစ်သားများ တပ်စွဲ ထားသည်ကို မြင်ခဲ့ရသည်။

" PDF နဲ့ ပတ်သက်ပြီး ဆရာလေးတွေကို ဖမ်းလိုက်ပြီ၊ ကျောင်းကိုလည်း သိမ်းလိုက်ပြီလို့ အစောင့်စစ်သားတွေက ပြောကြောင်း" သူက ပြန်ပြောပြသည်။

" နံပတ်ကို ပုဆိုးအုပ်ထားတဲ့ ဟိုက်ဂျက်က ကျောင်းဝင်းထဲ ဝင်သွားတာကို မြင်လိုက်တယ်" ဟုလည်း သူက ပြောသည်။

စက်တင်ဘာ ၁၄ ရက်နေ့အထိ သီလရှင်နှစ်ပါးကို ပဲခူးမြို့အခြေစိုက် တပ်မ (၇၇) အတွင်း ဖမ်းဆီးထားခဲ့သည်ဟု သတင်းရင်းမြစ်တစ်ခုက မဇ္ဈိမကို ပြောသည်။

မြန်မာ့အလင်းထုတ်ပြန်ချက်များ

စက်တင်ဘာ ၁၄ ရက်နေ့ထုတ် စစ်ကောင်စီ၏အာဘော် မြန်မာ့အလင်းသတင်း စာတွင် " ပြန်လည်သိမ်းဆည်းရမိသည့် ငွေစက္ကူများအား စစ်ဆေးရေးဘုတ် အဖွဲ့ဖွဲ့စည်း၍ စစ်ဆေးခဲ့ရာ စုစုပေါင်း တန်ဖိုးငွေကျပ် သိန်း ၃၈၈၅၀ ဖြစ် ကြောင်းသိရသည်။" ဟူ၍ပါရှိသည်။

သို့သော် စက်တင်ဘာလ ၁၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ငွေကျပ်သိန်း ၅၅၀ ထပ်မံသိမ်းဆည်းရမိကြောင်းပါသည်။ ထို့အပြင် " အဆိုပါ ဘဏ်ငွေဓားပြ တိုက်မှုဖြစ်စဉ်တွင် စက်တင်ဘာ ၁၃ ရက်ည ဖမ်းဆီးရမိ တရားခံများအပါအဝင် တရားခံ အမျိုးသားရှစ်ဦး၊ အမျိုးသမီးလေးဦး စုစုပေါင်း ၁၂ ဦး" ဖမ်းဆီး ရမိကြောင်းနှင့် "ဓားပြတိုက်ရာတွင် ယူဆောင်သွားသော ငွေများမှ စုစုပေါင်း ကျပ်သိန်း ၃၉၄၁၀ အား ပြန်လည်သိမ်းဆည်းရမိသည်။" ဟု ပါရှိသည်။

သီလရှင် ၂ ပါးပတ်သက်မှုနှင့် ပဟေဠိများ

ကျောင်းတိုက်ဆိုင်းဘုတ်

အာဏာသိမ်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၃ ရက်နေ့တွင် "ဦးမင်းမင်းဦး၊ ကြီးကြပ်ရေးမှူး ဦးစီး၍ ယာဉ်မောင်း ဦးစောနီကိုလတ်တို့ နှစ်ဦးသည် Toyota Hiace ယာဉ်အမှတ် 6J-7941 ဖြင့်လည်းကောင်း၊ ရုံးအကူ ဦးဝင်းလွင်မြင့်၊ လုံခြုံရေး ချစ်စမ်းမောင်နှင့် ယာဉ်မောင်း မျိုးကျော်သူတို့ သုံးဦးသည် Toyota Hiace ယာဉ်အမှတ် 1P-2919 ဖြင့်လည်းကောင်း ပဲခူးမြို့ ဧရာဝတီဘဏ်ခွဲ (၁) မှ ငွေကျပ် လေးဘီလီယံအား ယာဉ်နှစ်စီးပေါ်သို့ ခွဲဝေတင်ဆောင်ပြီး ပဲခူးမြို့မှ ရန်ကုန်မြို့သို့ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်တွင် ပြန်လည်ထွက်ခွာခဲ့ရာ ပဲခူးမြို့နယ် ဘူးလယ်အင်းကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် (၂၅/၅) နေရာသို့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ရောက်ရှိစဉ် ယာဉ်ထိန်းရဲဝတ်စုံ ဝတ်ဆင်ထားသူ တစ်ဦး၊ ရဲတပ်ဖွဲ့ ဝတ်စုံဝတ်ဆင်၍ (အမျိုးအစားစိစစ်ဆဲ) လက်နက်ငယ်နှစ်လက်ကိုင်ဆောင်ထားသူ နှစ်ဦးနှင့် အရပ်ဝတ် ဝတ်ဆင်ထားသူ လေးဦး၊ ပေါင်း ခုနှစ်ဦးတို့မှ ယာဉ်နှစ်စီးအားတားဆီးကာ ဘဏ်ဝန်ထမ်းငါးဦး၏ ပါးစပ်၊ မျက်စိ၊ လက်တို့အား တိတ်အမဲဖြင့် ချည်နှောင်ပြီး ယာဉ်ပေါ်ပါငွေများနှင့် ဝန်ထမ်းများ ၏ ဖုန်းသုံးလုံးအား တရားခံများစီးနင်းလာသည့် Hijet ယာဉ်ပေါ်သို့ ရွှေ့ပြောင်းတင်ဆောင်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။" ဟု ပါရှိသည်။

(၁) ထူးကဲသော ဟိုက်ဂျက်ကား

ငွေစက္ကူ ၁၀၀၀၀ တန်ဆိုလျှင် ထုတ်ပြန်ချက်ဓာတ်ပုံပါ ဆာလာအိတ် အရွယ်အစား တစ်အိတ်လျှင် သိန်း ၁၀၀ လိုက်စည်းနှောင်ထားသော အစီး ၄၀ ဆန့်သဖြင့် စုစုပေါင်းပမာဏ သိန်း ၄၀၀၀ ဖြစ်သည်။

ငွေစက္ကူ ၅၀၀၀ တန်ဆိုလျှင် ဆာလာအိတ်ကြီးတစ်အိတ်လျှင် သိန်း ၂၀၀၀ ဆန့်သည်။

အဆိုပါငွေစက္ကူအပြည့်ပါသော ဆာလာအိတ်တစ်အိတ်၏ အလေးချိန်သည် ဆန်တစ်အိတ်အလေးချိန်ထက်ပိုသည်ဟု ပုဂ္ဂလိဘဏ်တစ်ခု၏ငွေရေတွက်မှု၊ ငွေသားပေးပို့မှု အဓိကလုပ်ရသော Currency department ဌာနတွင် နှစ်ကြာရှည် လုပ်နေသူတစ်ဦးက ခန့်မှန်းပြောသည်။

ထိုသို့ဆိုလျှင် ဆန်တစ်အိတ်အလေးချိန်သည် ပေါင် ၁၀၀ ဝန်းကျင်ရှိသည်။

စစ်ကောင်စီ၏ထုတ်ပြန်ချက်အရ ငွေဆာလာအိတ် ၁၄ ထုပ်ဖြစ်သည်ဆိုလျှင် ပေါင် ၁၄၀၀ လေးသည်။ ကီလိုဂရမ်နှင့်တွက်လျှင် ၆၃၅ ကီလိုဖြစ်သည်။

"ဟိုက်ဂျက်နဲ့ကတော့ သိန်း ၄၀,၀၀၀ ကြီးမဖြစ်နိုင်ဘူး။ နှစ်စီးခွဲသယ်မှကိုရမှာ" ဟု ဘဏ်ဝန်ထမ်းက ပြောသည်။

စစ်ကောင်စီထုတ်ပြန်ချက်တွင် လူခုနှစ်ဦးလည်း ဟိုက်ဂျက်ဖြင့်ပင် လိုက်ပါ သွားခဲ့သည်ဟုဆိုသည်။

(၂) ဓမ္မဒူတမဂ္ဂင်နန်းဦးကျောင်းတိုက်သို့ သွားရာလမ်း

ဘဏ်ကားဓားပြတိုက်သည့်နေရာနှင့် ဓမ္မဒူတမဂ္ဂင်နန်းဦးကျောင်းသို့သွားရာ ခရီးသည် ဂူဂဲလ်မြေပုံ (ပုံ-၂) အရ ၁၃ မိနစ်မှသည် ၂၃ မိနစ်အထိ ကြာမြင့် နိုင်သည်။

မြို့ရှောင်လမ်းမှသည် ကျောင်းတိုက်သို့သွားရာ လမ်းသုံးသွယ်ရှိသည်ကို မြေပုံ (၃) တွင် တွေ့နိုင်သည်။

အနီရောင်လမ်းကြောင်းကတော့ ယာဉ်အသွားအလာအသုံးများပြီး ရပ်ကွက် တစ်ခုကိုဖြတ်ရသည်။

မြေပြင်အနေအထားကိုသွားရောက်လေ့လာခဲ့သော မဇ္ဈိမအထောက်တော်က " အိမ်တွေအတော်ကပ်နေပြီး လူဦးရေထူထပ်ပုံပါပဲ။ မြို့ရှောင်လမ်းမကြီးကနေ ခွဲထွက်တဲ့ လမ်းထိပ်မှာက ကယ်ရီဂိတ်ရှိပြီး အရက်ဆိုင်၊ ဆိုင်ကယ် ပြင်ဆိုင်၊ ထမင်းဆိုင်၊ အသီးအရွက်ဆိုင်နဲ့ အိမ်ဆိုင်လေးတွေရှိပါတယ်။ ဈေးအသေးစား လေးလိုပါပဲ။" ဟု ပြောသည်။

ကျောင်းတိုက်ဝင်ပေါက်

ထိုသို့ဆိုလျှင် ဆာလာအိတ်အပြည့်တင်ဆောင်ထားပြီး ကုန်ချိန်များများ သယ်ဆောင်လာသော ဟိုက်ဂျက် ကားငယ်လေးကို သထိထားမိသူမရှိဖို့မှာ ခဲယဉ်းလှသည်။ သို့သော် ရပ်ကွက်အတွင်း မြင်တွေ့လိုက်ရသည်ဆိုသူတစ်ဦး တစ်ယောက်မှ ထွက်ပေါ်လာခြင်းမရှိပါ။

အညိုရောင်လမ်းသည် မိုးရွာထားလျှင် သဲနစ်တတ်သဖြင့် အခင်းမဖြစ်ခင် ရှေ့နှစ်ရက်က မိုးရွာသွန်းမှုရှိနေခဲ့၍ အညိုရောင် လမ်းကို ကားသွားရန် မဖြစ်နိုင်ပါ။
အပြာရောင်လမ်းသည် ဓမ္မဒူတမဂ္ဂင်နန်းဦးကျောင်းနှင့်ကပ်လျက်တည်ရှိသော ဘုန်းကြီးကျောင်းဝင်းသို့ရှေးဦးစွာရောက်ရှိပြီး ထိုမှတဆင့် ဓမ္မဒူတမဂ္ဂင်နန်းဦး သို့ သွားရခြင်းဖြစ်သည်။

" အပြာရောင်လမ်းရှိတာကို အဲဒီ အနီးဝန်းကျင် က လူမပါရင် မသိနိုင်ဘူး" ဟု နေရာအနေအထားကို ကောင်းစွာ သိနေသော သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အပြာရောင်လမ်းမှဝင်လျှင် ကျောင်းတိုက်သို့ လူဝင်လူထွက်ကို ရပ်ကွက်နေ လူများမြင်တွေ့ရန်မလွယ်ကူပါ။

(၃) တစိမ်းများ၏အလှူ

အခင်းဖြစ်ပွားသည့် နံနက် ၉ နာရီတွင် ဓမ္မဒူတမဂ္ဂင်နန်းဦးကျောင်းသို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ပဲခူးမြို့မှ စစ်မှုထမ်းဟောင်းများပါဝင်သော လူလေးဦး ဆန် လာလှူသည်။ မြေပုံတွင် အပြာရောင်လမ်းပေါက်သည့် ဘုန်းကြီးကျောင်းကို လည်း ထိုနေ့ကလှူတန်းသွားသည်ဟု မဇ္ဈိမက စုံစမ်း သိရှိရသည်။ အနီးပတ်ဝန်းကျင်ရှိ ကျန်ဘုန်းကြီးကျောင်းများကို လှူတန်းမှု မရှိခဲ့ပါ။

အလှူရှင်များမှာ ကျောင်းတိုက်နှင့်ရင်းနှီးသူများမဟုတ်ကြ၍ သီလရှင်နှစ်ပါးမှာ ထူးဆန်းနေခဲ့သည်ဟု ရင်းနှီးသော တကာတစ်ဦးကပြန်လည်ပြောပြသည်။

(၄) ကျောင်းဝင်းအတွင်း ညဘက်လှုပ်ရှားမှုများ

သီလရှင်နှစ်ပါးခေါ်ဆောင်သွားသော်လည်း ဓမ္မဒူတမဂ္ဂင်နန်းဦးကျောင်းထဲ စက်တင်ဘာ ၁၃ ရက်နေ့ညက ကားအဝင်အထွက်များ ရှိနေခဲ့သည်ကို သတိ ထားမိသည်ဟု ရပ်ကွက်နေသူများက မဇ္ဈိမသို့ ပြောကြသည်။ သို့သော် ထိုအချိန်အထိ သူတို့အနေဖြင့် သီလရှင်များကို ဖမ်းသွားသည်ဟု မသိကြရသေး ဟု ဆိုသည်။

ရပ်ကွက်နေသူတစ်ဦးကတော့ " ညဘက်ခြံကို ကျော်ဝင်ပြီး အထုပ်တွေကလည်း ဇာတ်လမ်းဆင်ပြီးလုပ်တဲ့ပုံ " ဟု မှတ်ချက်ပြုသည်။

ကျောင်းတိုက်အတွင်းတစ်နေရာ

(၅) အထုပ်မဲတစ်ထုပ်

စက်တင်ဘာ ၁၄ ရက်နေ့ နံနက် ၆ နာရီခန့်တွင် သီလရှင်ကျောင်းတိုက် ဝင်ပေါက်ဘက်မှရေတွက်လျှင် ဒုတိယမြောက် နေအိမ်၏ အိမ်ရှေ့တွင် ကြွပ်ကြွပ်အိတ်မဲတစ်ထုပ်ကို တွေ့ရှိခဲ့ကြသည်။

" ဆရာလေးကျောင်းနဲ့ နှစ်အိမ်ကျော်အကွာက အိမ်က အမတစ်ယောက်က အိတ်တစ်အိတ်ပေးတယ်။ သူ့ကို ဝက်ကြီးဆိုတဲ့ လူကပေးတာတဲ့ ၊ ဝက်ကြီးဆို တဲ့ လူကလည်း အဲ့နားကပဲလို့ ပြောတယ်။ ပေးတဲ့အိတ်ကို ရာအိမ်မှူးက ဖွင့်ကြည့်တော့ ဘယ်နေရာမှာ ငါးယောက် ဖောက်မယ်၊ ဘယ်နေရာမှာ ငါး ယောက် ဖောက်မယ်ဆိုတာတွေပါတယ်၊ အဲ့အထဲမှာ ကျွန်တော်တွေ့လိုက် တာ၊ ဖမ်းခံရတဲ့ မဥမ္မာပါတယ်၊ ကောင်လေးတစ်ယောက်ပုံရော။ ကျွန်တော်က ‌သေချာတော့ မကြည့်လိုက်ရဘူး၊ ရာအိမ်မှူးက ယူသွားတယ်။" ဟု မျက်မြင် တွေ့သူတစ်ဦးက မဇ္ဈိမသို့ ပြန်ပြောပြသည်။

(၆) ဆာလာအိတ်များ

စက်တင်ဘာ ၁၄ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က အိမ်စီးကားအဖြူ တစ်စီးဖြင့် စစ်ပြောက်ကျား ယူနီဖောင်းဝတ်နှစ်ဦး၊ အရပ်ဝတ်နှစ်ဦး ရောက် လာပြီး အုတ်တံတိုင်းပေါ်မှကျော်ကာ ဆာလာအိတ်နှစ်လုံးပစ်ထဲ့ပြီးမှ ပြန်ယူ သွားသေးသည်ဟု အနီးရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းမှ သံဃာတော် တစ်ပါးကပြောသည်၊

" အုတ်တံတိုင်းကနေ ပစ်ထဲ့ပြီး၊ အထဲက နှစ်ယောက်က အပြင်ကို ပြန်ပစ် ပေးတာ" ဟု မိန့်ကြားသည်။

သီလရှင်နှစ်ပါး၏မိတ်ဆွေများနှင့် အနီးနား ရပ်ကွက်နေသူအများစုက ကျောင်း တိုက်တွင် ဘဏ်ဓားပြများ၏ လက်နက်ခဲယမ်းမီးကျောက်နှင့် ငွေများကို လက်ခံရယူထားသည်ဆိုခြင်းနှင့်ပတ်သက်၍ မယုံကြည်နိုင်ကြဘဲ ဖြစ်နေသည်။
" သူတို့ (သီလရှင်နှစ်ပါး) က အေးဆေးနေတဲ့ သူတွေပါ၊ အခုလိုတွေ လုပ်မယ် လို့တော့ ကျွန်တော်မထင်ဘူး၊ " ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required