မိုးဟိန်းဟောပြောမှုကို တပ်တွင်း မကြည့်မနေရကြည့်ရန် ညွှန်ကြားထား

မိုးဟိန်းဟောပြောမှုကို တပ်တွင်း မကြည့်မနေရကြည့်ရန် ညွှန်ကြားထား

ဇူလိုင် ၁၂

မြဝတီမှ အပတ်စဉ်ထုတ်လွှင့်သော မိုးဟိန်း၏ " မြန်မာနိုင်ငံအရေး အလေးအနက်တွေးသူ တစ်ဦးရဲ့စကားသံများ" ဆိုသည့် ခေါင်းစဉ်ဖြင့် နွေဦးတော်လှန်ရေးကိုဆန့်ကျင်သော ဟောပြောပို့ချမှုများကို စစ်ကောင်စီလက်အောက်ခံတပ်များအတွင်း တပ်မိသားစုများကို မကြည့်မနေရကြည့်ခိုင်းကြောင်း တပ်တွင်းသတင်းရပ်ကွက်များ၏ အပြောအရသိရသည်။

သူရိယနေဝင်းဂျာနယ်တည်ထောင်သူနှင့် စာရေးသူမိုးဟိန်း၏ အာဏာသိမ်းစစ်ကောင်စီအားထောက်ခံပြောဆိုချက်များကို စစ်အစိုးရဝါဒဖြန့်ယန္တရားများဖြစ်သော မြဝတီနှင့် မြန်မာ့ရုပ်မြင်သံကြားတို့တွင် နေ့တိုင်းနီးပါးထုတ်လွှင့်လာပြီး သူ့အစီအစဉ်လာသည်နှင့် စစ်တပ်ထိပ်ပိုင်းအဆင့်မှ အောက်ခြေတပ်သား၊ မိသားစုဝင်များပါမကျန် ကြည့်ရသည်။

"အထက်ကညွှန်ကြားချက်ရှိတယ်။ သူ့အစီအစဉ်တွေလာရင် တာဝန်ကျသူကလွဲလို့ အားလုံးကြည့်ရတယ်" ဟု စစ်တပ်မိသားစုဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

 "မိုးဟိန်းက လက်ရှိအခြေအနေရော၊ အရင် ပုဂံခေတ်ကစလို့ လက်ရှိခေတ်ထိသမိုင်းရော၊ သူတို့ကျောင်းသားသမိုင်းရော အကုန်လိမ်ညာပြီး ဟောနေတာပဲ" ဟု သူက ဆက်ပြောသည်။

စစ်သင်တန်းကျောင်းများတွင် နေ့စဉ်လိုလို သင်တန်းခန်းမတွင် မကြည့်မနေရ ကြည့်ရပြီး တပ်ရင်းများတွင်တော့ တပ်ရင်းမှူးများ၏ အစီအစဉ်ဖြင့် စားရိပ်သာ တို့တွင် ကြည့်ခိုင်းကြောင်း သိရသည်။

သို့သော် ယခုကဲ့သို့ ကြည့်ခိုင်းခြင်းများသည် ယခုမှ မဟုတ်ဘဲ အရင်ကတည်းက စစ်သင်တန်းကျောင်းများနှင့် တပ်တွင်းတွေမှာ မြဝတီက ည ၈ နာရီသတင်းအစီအစဉ်တွေနှင့် စစ်ခေါင်းဆောင်များ၏ မိန့်ခွန်းဟောပြောချက်များကို ကြည့်ကြပြီး ပြန်ဆွေးနွေးမှုများလုပ်ရသည်။

မိုးဟိန်းသည် သူ့ကိုယ်ကျိုးအတွက်ကိုပဲ ကြည့်ကာ အမျိုးမျိုးဘက်ပြောင်းပြီး ပြောဆိုခဲ့သူ ဖြစ်သော်လည်း သူ၏ဟောပြောချက်များ တပ်တွင်းလွှမ်းမိုးမှုရှိသည်ဟု အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေသည့် ဗိုလ်ကြီး ညီသုတက ပြောသည်။

“ ကျွန်တော် ပြန်ကြားသလောက်ကတော့ သဘောကျတဲ့ သူတွေလည်း ရှိတယ်။ လွှမ်းမိုးမှုကတော့ ရှိတယ်။ တပ်မတော်ကြီးက မကောင်းဘူးဆိုတာကို သိပေမယ့် တစ်ဖက်ကလည်း မကောင်းဘူးဆိုတာကို သူတို့ (စစ်အုပ်စု) ကိုယ်စားပြောပေးမယ့်သူ လိုတာပေါ့။ သူတို့လူနဲ့ သူတို့တော့ ဟုတ်နေတာပဲ။ စစ်ကောင်စီအနေနဲ့က သူ့ရဲ့ လက်အောက်ခံတပ်သားတွေကို ပြန်စည်းရုံရာမှာ သူတို့ကိုယ်တိုင် ပြောတာထက်၊ အပြင်လူပြောတာက ပိုထိရောက်တာထင်တာပေါ့။ သူများပြောတာက တပ်သားတွေကို ယုံကြည်မှု ပိုတိုးစေတယ်။ အချက်အလက်တွေနဲ့ အယူအဆတွေကို ပိုပြီး ထိရောက်စေတာပေါ့ဗျာ။ ကိုယ့်တရားကို သူများကပြောပေးတယ်ဆိုတဲ့ သဘောပေါ့။ ကိုမိုးဟိန်းတို့ကို အသုံးချတယ် ပေါ့ဗျာ” ဟု ဗိုလ်ကြီး ညီသုတက ဆိုသည်။

 “ မြဝတီတို့ မြန်မာ့အသံတို့ပဲ ကြည့်မနေနဲ့ပေါ့နော်၊ ပြည်သူတွေရဲ့  ရင်ဘက်ထဲက ထွက်လာတဲ့အသံစစ်စစ်တွေကို နားထောင်ပါ၊ ပြည်သူတွေနဲ့ ထိတွေ့နိုင်ဖို့ ကြိုးစားပါ။ ပြည်သူတွေ ဘာတွေခံစားနေရလဲ ၊ ဘာတွေဒုက္ခရောက်နေလဲ၊ ဒါတွေကို သိအောင်လုပ်ဖို့က တပ်မတော်သားတွေရဲ့ တာဝန်ပဲ။ တပ်မတော်သားတွေဆိုတာ ပြည်သူတွေကို ကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း တစ်ခုပဲဆိုတာ ပြောချင်တယ်” ဟု သူကဆက်ပြောသည်။

စစ်တက္ကသိုလ်ပြုတ် ၈၈ မျိုးဆက်ကျောင်းသားတစ်ဦးဖြစ်သူ မိုးဟိန်းသည် စစ်အာဏာသိမ်းမှုကို ပွင့်ပွင့်လင်းလင်းထောက်ခံထားသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required