စစ်ကောင်စီမှ ဖမ်းဆီးထားသည့် ကယားပြည်နယ်က စစ်ရှောင်ကူညီသူအယောက် ၃၀ ကျော် မလွတ်မြောက်သေး

စစ်ကောင်စီမှ ဖမ်းဆီးထားသည့် ကယားပြည်နယ်က စစ်ရှောင်ကူညီသူအယောက် ၃၀ ကျော် မလွတ်မြောက်သေး
ဓာတ်ပုံ-CJ(ကယားပြည်နယ်တွင် ယခုလအစောပိုင်းက စစ်ဘေးရှောင်စခန်းနှင့်စစ်ကောင်စီမှဖျက်ဆီးထားသည့်ရိက္ခာပစ္စည်းပုံများ)

ဇွန် ၂၄

ကယားပြည်နယ်တွင် ဖမ်းဆီးခံထားရသည့် စစ်ဘေးရှောင်ကူညီကယ်ဆယ်သူ အယောက် ၃၀ ကျော်အား အကြမ်းဖက်စစ်ကောင်စီမှ လက်ရှိအချိန်ထိပြန်လွှတ်ပေးခြင်းမရှိသည့်အပြင် လတ်တလောကူညီသူများအားအသဲအသန်လိုက်လံဖမ်းဆီးနေကြောင်း စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးတာ၀န်ခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

 " အသတ်ခံရသူ ငါး ယောက်၊ခြောက် ယောက် အပါအ၀င် အခုဆိုရင်အဖမ်းခံထားရတဲ့သူ အားလုံးပေါင်း အယောက် ၃၀ ကျော်ကို အခုထိမလွှတ်ပေးသေးဘူး၊ စစ်ကြောရေးထဲမှာပဲရှိသေးတယ်၊ အထဲမှာဘယ်လိုအခြေအနေရှိနေလဲမသိရသေးဘူး။ အခုဆိုရင်စစ်ရှောင်တွေကို ပစ္စည်းပို့တဲ့နေရာတွေမှာ ကားအတင်အချရှိရင် ဒလန်တွေကတိုင်လိုက်လို့ စစ်ကောင်စီကရောက်လာပြီး စစ်ရှောင်တွေကိုကူညီတယ်လို့ယူဆတဲ့သံသယရှိတဲ့အိမ်တွေထဲ၀င်စစ်ပြီး အသဲအသန်လိုက်ဖမ်းတယ်၊"ဟု၎င်းကပြောသည်။

လက်တ‌လော ကယားပြည်နယ်အတွင်း အပစ်အခတ်ရပ်စဲမှုကြောင့် တိုက်ပွဲငြိမ်သက်နေသော်လည်းအကြမ်းဖက်စစ်ကောင်စီတပ်များသည် လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့အရှေ့ဖက်နှင့် ဒီးမော့ဆို အရှေ့ဖက်များတွင် တိုးချဲ့ထားသဖြင့်  အချိန်မရွေးစစ်ဖြစ်နိုင်ကြောင်း တိုးတက်သောကရင်နီပြည်သူအင်အားစု(PKPF)မှ ပြီးခဲ့သည့် ရက်ကသုံးသပ်ထားသည်။ 

လက်ရှိအနေအထားအရ တစ်သိန်းကျော်ရှိသောစစ်ဘေးရှောင်ဦးရေတွင် လေးပုံ သုံးပုံခန့်မှာ နေရပ်သို့မပြန်ရဲကြဘဲ တောတွင်း၌သာ ခိုလှုံနေကြသည့်အတွက် ရိက္ခာနှင့်ကျန်းမာရေးအခက်အခဲဒုက္ခများ ကြုံတွေ့နေရကြောင်းစစ်ဘေးရှောင်ကူညီရေးတာ၀န်ခံအချို့ကဆိုသည်။ 

"အခုက mobile banking လိုငွေလွှဲလှူတာတွေကို ငွေသားထုတ်ရခက်‌နေတာရော၊စစ်ကောင်စီကအလှူရှင်တွေအရမ်းဖမ်းဆီးလို့ လုံခြုံရေးအရအလှူရှင်နည်းလာလို့စစ်ရှောင်ဦးရေနဲ့ရိက္ခာပစ္စည်းအချိူးမကျဘူးဖြစ်နေတယ်၊အဲ့ဒီတော့ လက်လှမ်းမမှီတဲ့စစ်ရှောင်စခန်းတွေဆိုရင် မြို့ပေါ်အထိတက်ပြီး လုံး၀မရပ်တည်နိုင်လို့ သူတို့စခန်းရှိတဲ့နေရာကို ကူညီပေးပါလို့လာပြောရတဲ့အထိရှိတယ်၊ စစ်ကောင်စီတပ်ကလဲ နေရာတိုင်းအင်အားအပြည့်နဲ့ တပ်ဖြန့်ထား‌ပြီး ညဘက်တွေလဲသေနတ်ပစ်ဖောက်သံတွေတစ်ခါတလေကြားတယ်၊ အချိန်မရွေးစစ်ဖြစ်လာနိုင်တယ်လို့ကြားနေရတော့ စစ်ရှောင်တွေမပြန်ရဲဖြစ်နေတာ"ဟုဒီးမော့ဆိုစစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးတာ၀န်ခံတစ်ဦးကပြောသည်။ 

စစ်ဘေးရှောင်ဦးရေ၏ ထက်၀က်ပမာဏမှာ သက်ကြီးရွယ်အိုနှင့်ကလေးငယ်များဖြစ်ပြီး လက်ရှိမိုးရာသီကာလတွင် ငှက်ဖျားရောဂါအဖြစ် များနေသည်။အဆိုပါ ငှက်ဖျားရောဂါဝေဒနာခံစားရသည့် အရွယ်မှာဆယ်နှစ်အောက်ကလေးငယ်အများစု ဖြစ်ကြောင်းသိရသည်။

အပစ်အခတ်မရပ်စဲခင်ကာလက အကြမ်းဖက်စစ်ကောင်စီမှ ပြီးခဲ့သည့်ဇွန်လ ပထမအပတ်လောက်ကစ၍ ဒီးမော့ဆိုမြို့၏အရှေ့ဘက်ခြမ်း၊လွယ်ရင်းနှင့်မိုးဗြဲတို့တွင်ရှိသောစစ်ဘေးရှောင်စခန်းများသို့ ထိုးစစ်ဆင်ပြီးလက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် စစ်ဘေးဒုက္ခသည်များ နေရာအမျိုးမျိုးရွှေ့ပြောင်းနေထိုင်နေရသည့်အပြင် ထွက်ပြေးတိမ်းရှောင်သည့်အခါ ကျန်ခဲ့သည့် ပစ္စည်းများအား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်စီးခြင်းများပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly