ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီ ခေါင်းဆောင်နှင့် ပါတီဝင်များ လူသတ်မှုဖြင့် တရားစွဲခံရ

ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီ ခေါင်းဆောင်နှင့် ပါတီဝင်များ လူသတ်မှုဖြင့် တရားစွဲခံရ
Photo: AFP

ဘင်္ဂလားဒေ့ရှ်တွင် မကြာမီကျင်းပရန်ရှိသည့် ရွေးကောက်ပွဲမတိုင်မီ ပေါ်ပေါက်သည့် လူထုဆန္ဒပြပွဲများအတွင်း ရဲတဦး သေဆုံးမှုနှင့်ပတ်သက်ပြီး အဓိက အတိုက်အခံပါတီ ခေါင်းဆောင်နှင့် အခြားသော ထိပ်တန်းပါတီဝင် ၁၀၀ ကျော် အောက်တိုဘာ ၂၉ ရက်က လူသတ်မှုဖြင့် တရားစွဲဆိုခြင်း ခံရကြောင်း သိရသည်။

တရားစွဲခံရသူများတွင် အတိုက်အခံ ခေါင်းဆောင်မှုပိုင်းမှ အများစု ပါဝင်နေပြီး ၎င်းတို့အနေဖြင့် ဖြစ်နိုင်ဖွယ်ရာအားဖြင့် အပြစ်ရှိသည်ဟု စစ်ဆေးတွေ့ရှိပါက သေဒဏ်ပြစ်ဒဏ်နှင့် ရင်ဆိုင်ရနိုင်ခြေ ရှိသလို ယင်းက သုံးလအတွင်း ကျင်းပရန် စီစဉ်ထားသည့် အထွေထွေရွေးကောက်ပွဲကို အဟန့်အတားဖြစ်စေရန် ခြိမ်းခြောက်နိုင်သည်။

“မီအာဇာ ဖာခ်ရူလ် အစ္စလမ် အလမ်ဂီအာ အပါအဝင် ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) ရဲ့ ပါတီဝင် ၁၆၄ ဦးထက်မနည်းဟာ ရဲဝန်ထမ်းတဦးကို သတ်ဖြတ်မှုနဲ့ စွပ်စွဲခံထားရပါတယ်” ဟု ရဲအရာရှိ ဆာလာဟူဒင် မီအာက ပြောပြီး ၎င်းတို့အပေါ် တရားစွဲဆိုထားသည်ဟု ပြောသည်။

BNP ပါတီဥက္ကဋ္ဌဖြစ်သလို ဝန်ကြီးချုပ်ရာထူး နှစ်ကြိမ်ထမ်းဆောင်ခဲ့ဖူးသော ဝန်ကြီးချုပ်ဟောင်း ခါလီဒါ ဇီယာ ဖမ်းဆီး အကျဉ်းချခံခဲ့ရပြီး သူ၏ သားဖြစ်သူလည်း ဗြိတိန်တွင် သွားရောက်နေထိုင်ရပြီးနောက်တွင် ပါတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်သည့် အသက် ၇၅ နှစ်ရှိ အလမ်ဂီအာက ပါတီကို ဦးဆောင်နေခဲ့ခြင်း ဖြစ်သည်။

မကျန်းမမာဖြစ်နေသည့် အတိုက်အခံခေါင်းဆောင် ဇီယာ အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် ပြစ်ဒဏ်ကျပြီးနောက် ထောင်မှ ပြန်လွတ်ပြီး နေအိမ်အကျယ်ချုပ် ချခံထားရသော်လည်း အတိုက်အခံများက ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာအပေါ် ဆန့်ကျင်သည့် ဆန္ဒပြမှုများကို လုပ်ဆောင်ထားသည်။

BNP ပါတီနှင့် အကြီးဆုံး အစ္စလမ္မစ်ပါတီ ဂျမတ်-အီ-အစ္စလမ်မီ ပါတီတို့၏ အောက်တိုဘာ ၂၈ ရက် ဆန္ဒပြမှုများက ယခုနှစ်အတွင်း အကြီးဆုံးသော ဆန္ဒပြပွဲများတွင် ပါဝင်ပြီး အဆိုပါ အဓိက အတိုက်အခံပါတီကြီးနှစ်ခု၏ ထောက်ခံသူ တသိန်းကျော်သည် နိုင်ငံတွင် ဘက်မလိုက် ကြားနေ အစိုးရတရပ်အောက် လွတ်လပ်၊ တရားမျှတသော ရွေးကောက်ပွဲတရပ် ကျင်းပနိုင်ရေးအတွက် ဟာစီနာ ရာထူးမှ ဆင်းပေးရန် တောင်းဆိုခဲ့ကြသည်။

ရဲတဦးနှင့် ဆန္ဒပြသူတဦးတို့ သေဆုံးခဲ့သည့် အောက်တိုဘာ ၂၈ ရက် အကြမ်းဖက်မှုအတွက် အလမ်ဂီအာကို စစ်ဆေးမေးမြန်းရန် ထိန်းသိမ်းခဲ့ကြောင်း ဒါကာမြို့ ရဲမင်းကြီး ဟာဘီဘာ ရာဟ်မန်က အစောပိုင်းက ပြောသည်။

သေဆုံးခဲ့သည့် ရဲဝန်ထမ်းဖြစ်သူသည် ဓားဖြင့် ခုတ်သတ်ခံရခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၈ ရက်တွင် ပြောပြီး BNP ပါတီ တက်ကြွလှုပ်ရှားသူများက သတ်ဖြတ်ခြင်းဖြစ်ကြောင်း စွပ်စွဲသည်။

အောက်တိုဘာ ၂၉ ရက်တွင်လည်း နေရာအသီးသီးတွင် ဆန္ဒပြသူများနှင့် ရဲများအကြား ထိပ်တိုက်တွေ့မှုများ ထပ်မံပေါ်ပေါက်ခဲ့သည်။

အဆိုပါ ပြင်းထန်သည့် အခြေအနေများအပေါ် နိုင်ငံတကာ စိုးရိမ်ပူပန်မှုများ ထွက်ပေါ်ခဲ့ပြီး “သက်ဆိုင်သူအားလုံးအနေဖြင့် ထိန်းထိန်းသိမ်းသိမ်း ရှိရေး” အတွက် အမေရိကန်က အောက်တိုဘာ ၂၈ ရက်တွင် တိုက်တွန်းသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required