မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုက တရုတ်စွမ်းအင်စီမံကိန်းများကို ခြိမ်းခြောက်နေ

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုက တရုတ်စွမ်းအင်စီမံကိန်းများကို ခြိမ်းခြောက်နေ

မြန်မာနိုင်ငံတွင် စွမ်းအင်စက်ရုံများ တည်ဆောက်ရန် စာချုပ်ချုပ်ထားသည့် တရုတ်စွမ်းအင်ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ စီမံကိန်းများကို ဆိုင်းငံ့ထားရပြီး အချို့မှာ ဈေးကွက်အတွင်းမှ ထွက်ခွာရန် စဉ်းစားနေကြသဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုသည် တော်တန်ရုံ ဝေဖန်မှုများကို ဂရုမစိုက်ဘဲ အရေထူနေပြီဖြစ်သည့် တရုတ်ရင်းနှီးမြှုပ်နှံသူများကိုပင် ထိခိုက်မှု ဖြစ်လာစေသည်။

တရုတ်အစိုးရက ပံ့ပိုးထားသည့် သဘာဝဓာတ်ငွေ့အရည်နှင့် နေရောင်ခြည် စွမ်းအင်ထုတ် ကုမ္ပဏီများက လုပ်ဆောင်သည့် စီမံကိန်းများသည်လည်း ဖေဖော်ဝါရီ ၁ ရက် အာဏာမသိမ်းမီကပင် အကောင်အထည်ဖော်ရန် ခက်ခဲနေကြောင်း နီးစပ်သူများက ပြောကြားသည်။ ယခုအခါတွင် စစ်အာဏာသိမ်းမှုကြောင့် အခြေအနေများကို ပိုမိုရှုပ်ထွေးလာစေပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရလက်ထက်တွင် အငြင်းပွားဖွယ်ရာ တင်ဒါများဖြင့် လုပ်ငန်း လုပ်ကိုင်ခွင့်ရခဲ့သည့် ကုမ္ပဏီများသည်လည်း တိတ်တဆိတ်ရှိနေခဲ့သည်။ ကန်ထရိုက် လုပ်ငန်းကြီးတစ်ခုက စစ်တပ်နှင့် တိုက်ရိုက်ဆက်သွယ် အလုပ်လုပ်နေကြောင်း လူ့အခွင့်အရေး လှုပ်ရှားသည့် အုပ်စုများက ဖော်ထုတ်ခဲ့သည်။ မြန်မာနိုင်ငံအတွင်း ၂၀၁၉ ခုနှစ်က အရေးပေါ် တင်ဒါဖြင့် သဘာဝဓာတ်ငွေ့ရည်နှင့် ဓာတ်ငွေ့ဓာတ်အားသုံး စီမံကိန်း ၅ ခုတွင် ၄ ခုအတွက် တင်ဒါအောင်ခဲ့သည့် ဟောင်ကောင်မှတ်ပုံတင် VPower သည် စစ်တပ်ပိုင်မြေကို ငှားရမ်းခဲ့သည်။

အရပ်သားအစိုးရထံမှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းယူပြီးချိန်မှစ၍ ပြည်သူ ၇၅၀ ကျော် သေဆုံးစေခဲ့သည့် စစ်တပ်နှင့် ဆက်လက်လုပ်ကိုင်နေသည့် နိုင်ငံခြား စီးပွားရေးလုပ်ငန်းများကို လူ့အခွင့်အ‌ရေး အုပ်စုများက ဖိအားပေးလျက်ရှိသည်။

ဂျပန်ဘီယာ Kirin နှင့် စင်ကာပူလုပ်ငန်းရှင်ကြီး လင်ကာလင်းတို့ကလည်း အာဏာသိမ်းပြီး ရက်အနည်းငယ်အတွင်းမှာပင် စစ်တပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းမှု ဖြတ်တောက်ကြောင်း ကြေညာလိုက်သော်လည်း VPower နှင့် အခြားလုပ်ငန်းများက လုပ်ငန်းများ ဆက်လက်လုပ်ကြမည့်ပုံပေါ်နေသည်။

VPower သည် စစ်တပ်ထိန်းချုပ်မှုအောက်တွင်ရှိသော လုပ်ငန်းစုကြီးတစ်ခုဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) ပိုင်ဆိုင်သော သံလျင်မြို့မှ မြေနေရာကို Myanmar Business Consultant Group (MBCG) မှ တစ်ဆင့် ငှားရမ်းထားကြောင်း Nikkei Asia က ရရှိသည့် အစိုးရရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မှတ်တမ်းများတွင် ဖော်ပြထားသည်။ ကုမ္ပဏီသည် ဒေါ်လာ ၂၉၇ သန်းကုန်ကျပြီး လျှပ်စစ်ဓာတ်အား ၃၅၀ မဂ္ဂါဝပ် ထွက်ရှိမည့် LNG စက်ရုံကို တည်ဆောက်ပြီးဖြစ်သည်။ VPower နှင့် MBCG ကုမ္ပဏီတို့သည် MCV Terminal ဟု အမည်ပေးထားသည့် ဖက်စပ်လုပ်ငန်းကို ယမန်နှစ် ဇန်နဝါရီ ၂၁ရက်က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဆုံး ဓာတ်ငွေ့စခန်းနှင့် ဓာတ်ငွေ့ပြန်လည် ထုတ်လုပ်ရေး စက်ရုံများကိုတည်ဆောက်ရန် ဖြစ်သည်။ ယင်းအစီအစဉ်များကိုလည်း စတင်ဆွေးနွေး လုပ်ဆောင်နေပြီ ဖြစ်သည်။

မြန်မာစစ်တပ်နှင့် VPower တို့အကြား ဆက်သွယ်လုပ်ကိုင်သည်မှာ အငြိမ်းစားဒုတိယဗိုလ်မှူးကြီး ခင်မောင်လတ်၏ သား ထွန်းမင်းလတ်ဖြစ်သည်။ သူသည် Star Sapphire ကုမ္ပဏီများ အုပ်စုတွင် ပုဂ္ဂလိကဖက်မှ အစုရှင်တစ်ဦးအဖြစ် စစ်တပ်၏ စီးပွားရေးအကျိုးအမြတ်များရရှိရန် လုပ်ဆောင်သူတစ်ဦးဖြစ်ကြောင်း ၂၀၁၉ ခုနှစ် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အစီရင်ခံစာတွင် ဖော်ပြခံခဲ့ရသူဖြစ်သည်။ ရိုဟင်ဂျာမွတ်ဆလင် ၇ သိန်းကျော်ကို မြန်မာနိုင်ငံအနောက်တောင်ပိုင်း ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ မောင်းထုတ်ခဲ့သည့် စစ်တပ်အား အဆိုပါ ကုမ္ပဏီအုပ်စုတွင် ကုမ္ပဏီပေါင်း ၄၅ ခုရှိပြီး မြန်မာ့စီးပွားရေ ဦးပိုင်ကုမ္ပဏီလီမိတက် (MEHL) နှင့် မြန်မာစီးပွား‌ရေးကော်ပိုရေးရှင်း (MEC) တို့နှင့်အတူ ငွေများ ပေးလှူခဲ့သည်။

ယင်းလှူဒါန်းငွေများသည် မြန်မာနိုင်ငံအတွင်းမှ ရိုဟင်ဂျာများနှင့် ပတ်သက်သည့် အထောက်အထားများကို ဖျောက်ပြီး ရခိုင်ဒေသကို ပုံစံပြောင်းရန် စစ်တပ်၏ ရည်ရွယ်ချက်များအတွက် ရန်ပုံငွေအဖြစ် အသုံးပြုခဲ့ကြောင်း ကုလသမဂ္ဂစုံစမ်းရေးအရာရှိများက တွေ့ရှိခဲ့သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ထွန်းမင်းလတ်သည် MBCG ဒါရိုက်တာတစ်ဦးအဖြစ်မှ နုတ်ထွက်ခဲ့သော်လည်း ၎င်းသည် ဇန်နဝါရီလတွင် MCV Terminal ဒါရိုက်တာ တစ်ဦး ဖြစ်လာခဲ့ကြောင်း မြန်မာနိုင်ငံ၏ ကုမ္ပဏီမှတ်ပုံတင်စာရင်းတွင်ဖော်ပြထားသည်။

စစ်တပ်နှင့် ပတ်သက်သည့် ဘဏ္ဍာရေးကိစ္စရပ်များကို မှတ်တမ်းပြုစုသည့် Justice For Myanmar အဖွဲ့၏ ထုတ်ပြန်ချက်တစ်ခုတွင် VPower စီမံကိန်းအား BOT ကန်ထရိုက်စာချုပ်အရ ဦးပိုင်လီမိတက်သို့ ၅နှစ်မှ နှစ် ၅၀ အတွင်း လွှဲပြောင်းပေးလိမ့်မည်ဟု ဖော်ပြထားသည်။

“ဦးပိုင်ကုမ္ပဏီ လီမိတက်ကို ငှားရမ်းခပေးတာအပြင် VPower က ဓာတ်ငွေ့သိုလှောင်ကန်နဲ့ ဓာတ်ငွေ့ထုတ်လုပ်တဲ့ စက်ရုံတွေ တည်ဆောက်ထားပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပြီးစီးတဲ့အခါ ဦးပိုင်ကုမ္ပဏီ လီမိတက်ကိုပဲ လွှဲပြောင်းပေးပြီး ကာလရှည်ဝင်ငွေရလမ်းတစ်ခု ဖြစ်လာပါလိမ့်မယ်” ဟု Justice For Myanmar ၏ ပြောခွင့်ရအမျိုးသမီး ဒေါ်ရတနာမောင်က ပြောကြားသည်။

“ ပိတ်ဆို့အရေးယူမှု ချမှတ်ခံထားရသည့် MEHL မှတစ်ဆင့် မြန်မာစစ်တပ်အား ပံ့ပိုးမှုများပေးနေသည့် VPower ကို စည်းကမ်းအရ အရေးယူဖို့ HKEX [Hong Kong Stock Exchange] ကို မိမိတို့ တောင်းဆိုပါတယ်” ဟု သူမက ပြောကြားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က မြန်မာစ်တပ်အနေဖြင့် အာဏာသိမ်းခြင်းကို ရပ်တန့်ရန်နှင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဆက်လက် အကြမ်းဖက်ခြင်းနေသောကြောင့် MEHL နှင့် MEC တို့အား ပိတ်ဆို့အရေးယူမှုများ ချမှတ်ကြောင်း အမေရိကန်အစိုးရက မတ်လ ၂၅ ရက်တွင် ကြေညာခဲ့သည်။

VPower သည် မြန်မာ-ဟောင်ကောင် စက်မှုလုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများအသင်း၏ ဒါရိုက်တာအဖွဲ့တွင်လည်း ပါဝင်နေသည်။ စစ်တပ်နှင့် ဆက်စပ်မှုအပေါ် အဖွဲ့အား မေးခွန်းများလည်း မကြာခဏမေးခံရပြီး တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုအတွက် ကတိကဝတ်ကို ပြုထားသည်။ VPower၊ HKEX နှင့် အသင်းတို့အနေဖြင့် မှတ်ချက်ပေးရန် ငြင်းဆိုထားသည်။ VPower ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ၎င်းတို့အနေဖြင့် MEHL သို့မဟုတ် MEC တို့နှင့် ဆက်စပ်မှု မရှိကြောင်း ဟောင်ကောင် မီဒီယာတစ်ခုနှင့် အင်တာဗျူးတွင် ဖြေဆိုခဲ့သည်။ VPower သည် ၎င်း၏ အစုရှယ်ယာရှင်များကိုလိမ်ညာနေကြောင်း Justice For Myanmar က စွပ်စွဲထားသည်။

မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင်လည်း ပိုမိုရှုပ်ထွေးမှုများ ရှိနေသည်။ စီမံကိန်းများကို ဆက်လက် လုပ်ကိုင်မည်လားဆိုသည့်အချက်ကို ပြည်ပရင်းနှီးမြှပ်နှံသူများက မေးခွန်းထုတ်နေပြီး စွမ်းအင်ဝယ်ယူရေး သဘောတူညီချက်များ (PPAs) ကို အကောင်အထည်ဖော်ရမည့် စစ်တပ်၏ လုပ်ဆောင်ချက်အပေါ် စိုးရိမ်နေကြောင်း ယင်းကဏ္ဍနှင့် နီးစပ်သည့် ရန်ကုန်အခြေစိုက် ပြည်ပ အရာရှိတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံက စွမ်းအင်ကုမ္ပဏီများရဲ့ ဝင်ငွေဟာအစိုးရနဲ့ သဘောတူညီချက်ပြုလုပ်ထားတဲ့ PPAS တွေကနေရရှိခြင်း ဖြစ်သည်။

“အမှန်တကယ်တော့ သူတို့ရဲ့ စီးပွားရေးအရ တွက်ချက်မှုဟာ နိုင်ငံရေးအခြေအနေအပေါ်မှာ တွက်ချက်သလို အန္တရာယ်ကြီးလွန်းတဲ့ စွန့်စားမှုတွေလုပ်ရတဲ့ ဘဏ်တွေကရော သူတို့ စီမံကိန်းတွေကို ဆက်လက်ငွေထုတ်ပေးမှာ လားဆိုတဲ့ အချက်ပေါ်မှာ မူတည်ပါတယ်” ဟု အဆိုပါ အရာရှိက ပြောသည်။ အရေးကြီးသည့်အချက်မှာ တည်ငြိမ်မှု ဖြစ်ကြောင်း၊ မည်သူအာဏာရသည်မှာ အရေးမကြီးကြောင်း ၎င်းကပြောသည်။ “စွမ်းအင်ဝယ်ယူရေး သဘောတူညီချက်ကို အသိအမှတ်ပြုသရွေ့ စီမံကိန်းတွေကို ဆက်လက်လုပ်ကိုင်သွားပါလိမ့်မယ်”

မြန်မာနိုင်ငံတွင် စွမ်းအင်လိုအပ်ချက် ပိုမိုများပြားလာခြင်းကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၉ ခုနှစ်တွင် စွမ်းအင်တင်ဒါမျိုးကို အရေးပေါ်ခေါ်ယူခဲ့သည်။စီမံကိန်း၅ခုအနက်၄ ခုကို VPower က ဦးဆောင်ပြီး တရုတ်နိုင်ငံပိုင် China National Technical Import and Export Corporation (CNTIC) နှင့် ပူးပေါင်းထားသည့် လုပ်ငန်းစုက တင်ဒါအောင်မြင်ခဲ့သည်။ ဟောင်ကောင် မှတ်ပုံတင်ကုမ္ပဏီကို တရုတ်နိုင်ငံပိုင် CITIC နှင့် CRRC တို့က ပိုင်ဆိုင်ကြသည်။

စွမ်းအင်စက်ရုံသစ် ၃ ရုံသည် ရန်ကုန်မြို့တွင် ယမန်နှစ်မှစ၍ လည်ပတ်နေပြီး ကျောက်ဖြူရှိ စတုတ္ထမြောက် စက်ရုံကို ရခိုင်ပြည်နယ်အနောက်ပိုင်းတွင် VPower-CNTIC လုပ်ငန်းစုကလည်ပတ်မည်ဖြစ်ကာ ယခုအခါ ဆိုင်းငံ့ထားကြောင်း မြန်မာပြည်၏ စွမ်းအင်ကဏ္ဍအပေါ် လေ့လာသုံးသပ်သူတစ်ဦးက ပြောကြားသည်။ ယင်းစက်ရုံ ၄ ရုံမှလျှပ်စစ်ဓာတ်အား ၉၃၀ မဂ္ဂါဝပ်ထွက်ရှိနိုင်ပြီး မြန်မာနိုင်ငံမှ လိုအပ်ချက်၏ ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိ ထုတ်ပေးနိုင်မည်ဖြစ်သည်။ VPower-CNTIC လုပ်ငန်းစုသည် ကျောက်ဖြူတွင် ဓာတ်ငွေ့ရည်စီမံကိန်းအား ဖျက်သိမ်းရန် ညှိနှိုင်းလျှက်ရှိသည်။

အငြင်းပွားဖွယ်ရာ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အား ထုတ်လုပ်ရေးအတွက် NLD အစိုးရလက်ထက် ယမန်နှစ်အတွင်း တင်ဒါအောင်မြင်ခဲ့သည့် လုပ်ငန်းများအနေဖြင့်လည်း အလားတူ အခြေအနေများကို ရင်ဆိုင်နေကြရသည်။ တရုတ်ကုမ္ပဏီများ၊လုပ်ငန်းစုများက စီမံကိန်း ၂၉ ခုအနက် ၂၈ ခုကို အောင်မြင်ခဲ့ကြသော် လည်း အာဏာသိမ်းမှု မဖြစ်ပွားချိန်ကာလအထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၆ ခုကိုသာ အတည်ပြုခဲ့သောကြောင့် မူလသတ်မှတ်ထားသည့် ရက် ၁၈၀ ကာလအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို စတင်နိုင်မည်မဟုတ်ပေ။

စွမ်းအင်ဝယ်ယူရေး သဘောတူညီချက်တွေကို ထုတ်ပြန်ကြေညာရခြင်းမရှိသေးသလို ညှိနှိုင်းဆွေးနွေးမှုများလည်း ရပ်ဆိုင်းထားရဖွယ်ရှိကြောင်း FMR သုတေသနနှင့် အကြံပေးအဖွဲ့၏ စွမ်းအင်ဆိုင်ရာလေ့လာသုံးသပ်သူ ကက်တီပက်တာဆန်က ပြောကြားသည်။ နေရောင်ခြည်စွမ်းအင် စီမံကိန်းအလားအလာသည်လည်း အားရဖွယ်မရှိကြောင်း ၎င်းကဆိုသည်။ “သက်ဆိုင်ရာ ကုမ္ပဏီတွေက စီမံကိန်းတွေကို ရပ်ဆိုင်းဖို့ စဉ်းစားနေတယ်လို့ သတင်းတွေကြားရပါတယ်”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly