အီလက်ထရောနစ် မှတ်ပုံတင်စနစ်သစ်အတွက် တရုတ်ထံမှ စစ်ကောင်စီ အကူအညီ တောင်းခံ

By Malay Mail
20 September 2023
အီလက်ထရောနစ် မှတ်ပုံတင်စနစ်သစ်အတွက် တရုတ်ထံမှ စစ်ကောင်စီ အကူအညီ တောင်းခံ
Photo-AFP

မြန်မာအာဏာသိမ်း စစ်ကောင်စီသည် သန်းခေါင်စာရင်းအတွက် အီလက်ထရောနစ် မှတ်ပုံတင်စနစ်သစ် အကောင်အထည်ဖော်နိုင်ရေး တရုတ်ထံမှ အကူအညီ တောင်းခံထားကြောင်း နိုင်ငံပိုင်မီဒီယာက စက်တင်ဘာ ၂၀ ရက်၌ ဖော်ပြရာ ယင်းသည် အတိုက်အခံများ တိုး၍ ထောက်လှမ်းစောင့်ကြည့်ရေး၌ အသုံးပြုရန်အတွက် ဖြစ်လာလိမ့်မည်ဟု ဝေဖန်သူများက ပြောဆိုကြသည်။

မြန်မာစစ်တပ်သည် အရပ်သား ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အနိုင်ရသော ၂၀၂၀ ရွေးကောက်ပွဲ၌ ကျယ်ကျယ်ပြန့်ပြန့် မဲသမာမှုများ ရှိသည်ဟု အထောက်အထား မခိုင်လုံသော စွပ်စွဲချက်များဖြင့် ၎င်းတို့၏ ၂၀၂၁ အာဏာသိမ်းမှုကို ခိုင်လုံသည်ဟု အကြောင်းပြထားသည်။

စစ်ကောင်စီအတွက် အဓိကမဟာမိတ်ဖြစ်ပြီး လက်နက်ထောက်ပံ့သည့် တရုတ်သည် အပြင်ပန်းအားဖြင့် လုံခြုံရေးရည်ရွယ်ချက်အတွက် ဆိုကာ ၎င်း၏ နိုင်ငံသားများထံမှ အချက်အလက်ပေါင်းများစွာကို စုဆောင်းသော နိုင်ငံအနှံ့ ထောက်လှမ်းရေးကွန်ရက်ကို လွှမ်းခြုံထားသည်။

မြန်မာစစ်ကောင်စီများက အသက် ၁၀ နှင့်အထက် နိုင်ငံသားများ၏ ဇီဝအချက်အလက်များကို စုဆောင်းမည်ဖြစ်သော အီလက်ထရောနစ် မှတ်ပုံတင်စနစ် အကောင်အထည် ဖော်နိုင်ရေးအတွက် စီစဉ်နေကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။

စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးနှင့် အီလက်ထရောနစ် မှတ်ပုံတင်ဌာနအကြီးအကဲသည် ယခုသီတင်းပတ် အစောပိုင်း၌ တရုတ်သို့ သွားရောက်ခဲ့ကြောင်း နိုင်ငံပိုင် Global New Light of Myanmar သတင်းစာအရ သိရသည်။

လာမည့်လတွင် အစမ်း သန်းခေါင်စာရင်း ကောက်ယူကာ လာမည့်နှစ်၌ တနိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူမည်အကြောင်းကို ဝန်ကြီးက တရုတ်တာဝန်ရှိသူများထံ တင်ပြပြီး အီလက်ထရောနစ် မှတ်ပုံတင်စနစ် (eID) အကောင်အထည်ဖော်ရေးတွင် တရုတ်၏ ပူးပေါင်းဆောင်ရွက်မှုအား တောင်းဆိုခဲ့သည်ဟု သတင်းစာက ဖော်ပြထားသည်။

ကိုယ်စားလှယ်အဖွဲ့သည် တရုတ်၏ လုံခြုံရေးပစ္စည်းများ ထုတ်လုပ်ရာနှင့် တနိုင်ငံလုံး မှတ်ပုံတင်ကတ် ထုတ်ပေးရာ ပေကျင်းရှိ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနသို့လည်း သွားရောက်ခဲ့သည်ဟု Global New Light က ဖော်ပြသည်။

စစ်ကောင်စီသည် ဆန္ဒပြပြီး လုပ်ငန်းခွင် ပြန်မဝင်ကြသည့် အစိုရဝန်ထမ်းများ၊ ဆရာဝန်များနှင့် ကျောင်းဆရာ၊ ဆရာမများ အပါအဝင် ၎င်း၏ အာဏာသိမ်းမှုကို ဆန့်ကျင်သူများအား စောင့်ကြည့်ရာတွင် သန်းခေါင်စာရင်းအား အသုံးပြုလိမ့်မည်ဟု ဝေဖန်သူများက ပြောထားသည်။

အာဏာသိမ်းချိန်မှစကာ ဖြစ်ပွားပေါ်ပေါက်နေသော အကြမ်းဖက်မှုများကြောင့် နိုင်ငံအတွင်း လက်ရှိ၌ နေရပ်ရွှေ့ပြောင်းရသူ ၁ ဒသမ ၆ သန်းကျော် ရှိသည်ဟု ကုလသမဂ္ဂအရ သိရသည်။

၂၀၂၅ ၌ ကျင်းပဖြစ်နိုင်သည်ဟု ဆိုထားသော ရွေးကောက်ပွဲသစ်များ မတိုင်ခင် သန်းခေါင်စာရင်း ကောက်ယူခြင်းကို အပြီးသတ်ရမည်ဟု စစ်ကောင်စီက ပြောထားသည်။

စစ်ကောင်စီ လက်အောက်က မည်သို့သော ရွေးကောက်ပွဲမဆိုသည် “အတုအယောင်” သာ ဖြစ်လိမ့်မည်ဟု အမေရိကန်က ပြောထားပြီး မဲပေးပွဲသည် စစ်တပ်အား ဆန့်ကျင်သူများကို ပစ်မှတ်ထားလိမ့်မည် ဖြစ်ပြီး နောက်ထပ် သွေးထွက်သံယိုများ ဖြစ်ပေါ်လာလိမ့်မည်ဟု အကဲဖြတ်များက ဆိုထားသည်။

ရွေးကောက်ပွဲ ကျင်းပမည့် စစ်ဗိုလ်ချုပ်ကြီးများ၏ အစီအစဉ်ကို ထောက်ခံကြောင်း ရုရှက ပြောပြီး မြန်မာနှင့် “ရွေးကောက်ပွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု” နားလည်မှုစာချွန်လွှာတရပ်ကို ယခုလ အစောပိုင်းက လက်မှတ်ထိုးခဲ့သည်။

မြန်မာနိုင်ငံသည် နေ့စဉ် ဗုံးခွဲမှုများနှင့် တိုက်ခိုက်မှုများ ဖြစ်ပွားနေပြီး အရပ်သား ထောင်ပေါင်းများစွာသည် အကြမ်းဖက်မှုများနှင့် ရင်ဆိုင်နေရသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required