ဘင်္ဂလားဒေ့ရှ်မှာ စပိဘုတ်နဲ့ သဲတင်ရေယာဉ် တိုက်မိပြီး လူ ၂၆ ဦး သေဆုံး 

ဘင်္ဂလားဒေ့ရှ်မှာ စပိဘုတ်နဲ့ သဲတင်ရေယာဉ် တိုက်မိပြီး လူ ၂၆ ဦး သေဆုံး 
Photo - AFP

မေ ၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နောက်ဆုံးဖြစ်ပွားတဲ့ ရေပြင်မတော်တဆမှုအဖြစ် တနင်္လာနေ့က ခရီးသည်တွေ တင်ဆောင်လာတဲ့ စပိဘုတ်တစ်စီးနဲ့ သဲတင်ရေယာဉ်တစ်စင်း တိုက်မိရာမှ လူ ၂၆ ဦး သေဆုံးခဲ့ရပါတယ်။ 

ပတ်မာမြစ်အတွင်းမှာ မာဝါမြို့ကနေ ခုတ်မောင်းလာတဲ့ ခရီးသည် သုံးဒါဇင်နီးပါး တင်ဆောင်လာတဲ့ စပိဘုတ်ဟာ ရှီဘချာမြို့က ဆိပ်ကမ်းအနီး ရောက်လာချိန် သဲတင်ယာဉ်နဲ့ တိုက်မိတာဖြစ်တယ်လို့ ရဲက ပြောပါတယ်။ 

“အမျိုးသမီးတစ်ဦး အပါအဝင် အခုထိ ရုပ်အလောင်း ၂၆ လောင်းကို ဆယ်ယူထားပါတယ်၊ ကလေးသုံးဦးအပါ ဒဏ်ရာရ လူ ငါးဦးကိုလည်း ကျွန်တော်တို့ ကယ်ဆယ်ထားပါတယ်”လို့ ရဲတာဝန်ရှိသူ အမ်မားဟူစိန်က အေအက်ဖ်ပီကို ပြောပါတယ်။ 

သဲတင်ရေယာဉ်ရဲ့ ဘေးဖက်ကို စပိဘုတ်က ဝင်တာတာဖြစ်ပြီး လှေဦး ကျိုးပဲ့ပျက်စီးကာ မိနစ်ပိုင်းအတွင်း နစ်မြုပ်သွားခဲ့တာဖြစ်ကြောင်း ဟူစိန်က ဆိုပါတယ်။ 

“ရဲ၊ မီးသတ်နဲ့ စစ်တပ်ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်နေပါပြီ၊ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်”ဆိုပြီး သူက ပြောပါတယ်။ 

ရေယာဉ်ကို စပိဘုတ်က တိုက်မိချိန် အသံကျယ်ကြီး ကြားလိုက်ပြီး နောက်တော့ နစ်မြုပ်သွားတော့တာဖြစ်တယ်လို့ မျက်မြင်တစ်ဦးဖြစ်တဲ့ ရတ်ရှ်မန်းက ပြောပါတယ်။ 

“ဖြစ်တဲ့နေရာဆီ ကျွန်တော်တို့ အပြေးသွားတော့ စပိဘုတ်ဟာ နှစ်ပိုင်း ကျိုးနေပြီ၊ ရွာနေပြည်သူ ရာပေါင်းများစွာဟာ ချက်ချင်းပဲ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်ကြတာဖြစ်ပြီး နောက်တော့ ရဲနဲ့ မီးသတ်ရောက်လာပြီး ပူးပေါင်းလုပ်ဆောင်နေကြတာ ဖြစ်တယ်”လို့ သူက ပြောပါတယ်။ 

အခု ရေယာဉ်တိုက်မှု ဖြစ်ပွားရာအနီးမှာ နိုင်ငံရဲ့ အကြီးဆုံး လမ်းနဲ့ တံတားကို တည်ဆောက်လျက် ရှိနေတာဖြစ်ပါတယ်။ ဖြစ်ပွားရာဆီ တာဝန်ရှိသူတွေ ချက်ချင်းရောက်လာကြောင်း ရဲက ဆိုပါတယ်။ 

အဲဒီ လမ်းနဲ့ တံတား ဆောက်လုပ်ရေး လုပ်ငန်းကြောင့် မြစ်ထဲက ဖယ်ရီသယ်ပို့ယာဉ်တွေ နှေးကွေးရပြီး ဘေးကင်းမှု နည်းပါးတဲ့ စပိဘုတ်တွေကို လူအများစုက စီးနင်းလာကြတာ ဖြစ်ပါတယ်။ စပိဘုတ်နဲ့ဆို ၁၅ မိနစ်နဲ့ ရောက်မယ့် ခရီးဟာ ဘေးကင်းမှု ပိုရှိတဲ့ ဖယ်ရီသယ်ပို့ယာဉ်တွေနဲ့ သွားမယ်ဆို နှစ်နာရီအထိ ကြာမြင့်တတ်တာ ဖြစ်ပါတယ်။ 

အခု မတော်တဆမှုမှာ ပျောက်ဆုံးသူ ငါးဦး ရှိနိုင်တယ်လို့ ရှီဘချာခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ 

ကြိုးဆိုင်းပြီး ကမ်းဆိုက်ကပ်ထားတဲ့ သဲတင်ယာဉ်ကို ဝင်တိုက်မိတာဖြစ်တာကြောင့် စပိဘုတ်မောင်းသူကို စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ကြောင်းလည်း ခရိုင်အုပ်ချုပ်ရေးမှူးက ထပ်လောင်းပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly