ဘင်္ဂလားဒေ့ရှ်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု စံချိန်တင် မြင့်မားမှုနှင့် လုံးပန်းနေရ

ဘင်္ဂလားဒေ့ရှ်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု စံချိန်တင် မြင့်မားမှုနှင့် လုံးပန်းနေရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု စံချိန်တင် မြင့်မားခြင်းနှင့် လုံးပန်းနေရပြီး ဆေးရုံများတွင် လူနာများအတွက် နေရာပေးနိုင်ရေး အပြင်းအထန် ကြိုးပမ်းနေရသည်။ လူနေသိပ်သည်းသော အဆိုပါနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါသည် အလျင်အမြန် ပျံ့နှံ့နေသည်။

၂၀၂၃ ခုနှစ် လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးကြောင့် လူ ၂၉၃ ဦးထက်မနည်း သေဆုံးပြီး လူပေါင်း ၆၁,၅၀၀ နီးပါး ကူးစက်ခံခဲ့ရကြောင်း တရားဝင် ကိန်းဂဏန်းများအရ သိရသည်။ ယင်းသည် ၂၀၀၀ ပြည့်နှစ်က နိုင်ငံတွင် သွေးလွန်တုပ်ကွေး အကူးအစက်မြန် ဖြစ်ပွားကြောင်း ပထမဆုံး မှတ်တမ်းတင်ခဲ့ပြီးနောက် ယခုနှစ်သည် လူသေဆုံးမှုအများဆုံး နှစ် ဖြစ်လာခဲ့သည်။

အထူးသဖြင့် ဒါကာမြို့ရှိ ဆေးရုံများ အပါအဝင် ယင်းနိုင်ငံရှိ ဆေးရုံများသည် အဖျားကြီးခြင်း၊ အဆစ်များ နာကျင်ခြင်းနှင့် အော့အန်ခြင်းတို့ ခံစားနေရသည့် များပြားလှသော လူနာများကို လက်ခံနေရာပေးနိုင်ရန် အပြင်းအထန် ကြိုးပမ်းနေရကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။

သွေးလွန်တုပ်ကွေးနှင့်ပတ်သက်ပြီး အသိပညာပေးခြင်းမှ စပြီး မိုးကာလနောက်ပိုင်း ခြင်ပိုးလောက်လန်းများကို နှိမ်နင်းရေး အားထုတ်မှုများအထိ အပါအဝင် ခြင်ကြောင့် ဖြစ်သော ရောဂါများ ကူးစက်မှုကို ထိန်းချုပ်ရေး အစီအစဉ်များကို အစိုးရအနေဖြင့် လုပ်ဆောင်ထားကြောင်း ကျန်းမာရေးဝန်ကြီး ဇာဟစ် မယ်လီကွီးက ပြောသည်။

“ကျွန်တော်တို့ ဒီကို ရောက်တော့ လူနာအတွက် ကုတင်တော့ မပေးနိုင်တော့ဘူးလို့ ဒီက ဆရာဝန်တွေနဲ့ သူနာပြုတွေက ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီမှာ တက်မယ်ဆိုရင်တော့ ကုသပေးမယ်လို့ ပြောတယ်။ တခြားရွေးစရာလည်း မရှိတော့ ဒီဆေးရုံက ကြမ်းပြင်ပေါ်မှာပဲ ကျွန်တော်အမေနဲ့ အမနေဖို့ စီစဉ်ခဲ့ရတယ်” ဟု ဒါကာမြို့ရှိ အစိုးရဆေးရုံတစ်ခု၌ မိသားစုဝင်များကို စောင့်ရှောက်ပေးနေသည့် ရှာရီဖူလ် အစ္စလမ်က ပြောသည်။

ဇွန်လမှ စက်တင်ဘာလအထိ မုတ်သုံရာသီကာလအတွင်း တောင်အာရှတွင် ဖြစ်လေ့ရှိသည့် ထို သွေးလွန်တုပ်ကွေးရောဂါကို အထူးတလည် ကုသသည့် ဆေးဝါး သို့မဟုတ် ထိရောက်သော ကာကွယ်ဆေး မရှိပေ။ ယင်းရောဂါပိုးကို သယ်ဆောင်ကူးစက်ပျံ့နှံ့စေသည့် အေးဒီးစ် ခြင်သည် ရေသေ၊ ရေပုပ်များတွင် ပေါက်ဖွားရှင်သန်သည်။

ဩဂုတ်လမှ စက်တင်ဘာလအထိ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုများကို ထပ်မံမြင်တွေ့ရဖွယ် ရှိကြောင်း ကျွမ်းကျင်သူများက ပြောသည်။ ယခုနှစ်တွင် သေဆုံးသူဦးရေသည် ယမန်နှစ်က စံချိန်ဖြစ်သည့် ၂၈၁ ဦးထက် ပိုများနေပြီ ဖြစ်သည်။ ယမန်နှစ်က ယင်းနိုင်ငံတွင် လူပေါင်း ၆၂,၄၂၃ ဦး သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly