ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်းများ၌ အကြမ်းဖက်မှုများ မြင့်တက်နေမှု HRW သတိပေး

By The Globe and Mail
13 July 2023
ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်းများ၌ အကြမ်းဖက်မှုများ မြင့်တက်နေမှု HRW သတိပေး
Photo-AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများသည် အကြမ်းဖက်မှုများ မြင့်တက်နေမှုအကြား ပို၍ပို၍ လုံခြုံမှုမရှိဘဲ ဖြစ်လာနေသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) ၏ အစီရင်ခံစာသစ်တစ်ရပ်တွင် သတိပေးသည်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် မြန်မာနယ်စပ်တစ်လျှောက် ကူးစက်သော မငြိမ်မသက်မှုများနှင့် ဩဇာလွှမ်းမိုးမှုအတွက် တိုက်ခိုက်နေသော စစ်သွေးကြွအဖွဲ့များ၏ ဘေးအန္တရာယ်မှ ရိုဟင်ဂျာ ဒုက္ခသည်များကို အကာအကွယ်ပေးရန် လုံလုံလောက်လောက် လုပ်ဆောင်ခြင်း ရှိမနေဟုလည်း HRW က ပြောသည်။

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်အနီးရှိ ကော့ဇ် ဘဇားဒေသရှိ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းတွင် ဇန်နဝါရီလကတည်းက လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ပြန်ပေးဆွဲမှုနှင့် အခြားသော မတော်မတရားပြုမှု ဖြစ်စဉ် အများအပြား ဖြစ်ပွားနေခဲ့သည်ဟု ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်သည့် HRW အစီရင်ခံစာတွင် ဖော်ပြသည်။

“ရိုဟင်ဂျာဒုက္ခသည်တွေကို ကာကွယ်စောင့်ရှောက်ပေးမယ်ဆိုတဲ့ ဝန်ကြီးချုပ် ရှိတ်ဒ် ဟာစီနာရဲ့ အရင်က ပေးထားတဲ့ ကတိကဝတ်တွေအပေါ် အကြမ်းဖက်အဖွဲ့တွေနဲ့ ညံ့ဖျင်းတဲ့ တရားရေးစနစ်တို့က ခြိမ်းခြောက်နေတယ်” ဟု HRW ၏ အာရှဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး မီးနက်ရှီး ဂန်ဂူလီက ဘင်္ဂလားဒေ့ရှ် ခေါင်းဆောင်နှင့်ပတ်သက်၍ ပြောသည်။

မြန်မာ စစ်တပ်၏ လူမဆန်သော ဖြိုခွင်းနှိမ်နင်းမှုတစ်ရပ်ကြောင့် ထွက်ပြေးလာရသည့် ရိုဟင်ဂျာ တစ်သန်းခန့်သည် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင် ပြွတ်သိပ်ကျပ်နေသော အခြေအနေများနှင့် နေထိုင်နေရသည်မှာ ခြောက်နှစ်ကျော်ကြာ ရှိပြီဖြစ်သည်။

ဒုက္ခသည်စခန်းများကို ရိုဟင်ဂျာတို့အတွက် ယာယီ ဖြေရှင်းချက်တစ်ခုအဖြစ် ရည်ရွယ်ခဲ့သော်လည်း ရိုဟင်ဂျာများသည် လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်၌ အလုပ်လုပ်ခွင့် သို့မဟုတ် အတည်တကျ အခြေချနေထိုင်ခွင့် ငြင်းဆန်ခံရပြီး ရောဂါများ၊ အာဟာရချို့တဲ့မှုနှင့် ပြင်းထန် ရာသီဥတု ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ရလျက်ဖြင့် ပိတ်မိသောင်တင်လျက် ရှိသည်။ ၎င်းတို့အနေဖြင့် လွတ်မြောက်နိုင်မှု မရှိခြင်းနှင့်အတူ လက်ရှိ ပြည်တွင်းပဋိပက္ခစစ်ဒဏ် ဖိစီးခံနေရသော မြန်မာသို့ ပြန်ရရန်သာ ရှိနေသည်။

၂၀၂၁ ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းခဲ့သည့် မြန်မာစစ်အုပ်စုကို ကမ္ဘာ့နိုင်ငံအများစုက အသိအမှတ်ပြုခြင်း မရှိသော်လည်း ရိုဟင်ဂျာ ရာချီကို မြန်မာရှိ ယာယီတည်းခိုရာစခန်းများသို့ ပို့ဆောင်မည့် ရှေ့ပြေး နေရပ်ပြန်ပို့မှု အစီအစဉ်တစ်ရပ်ကို ယခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်က စတင်ခဲ့သည်။

သို့သော် ယင်းအစီအစဉ်ကို ပြီးခဲ့သည့်လက မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးအစီရင်ခံစာတင်သွင်းသူ တွန် အန်ဒရူးစ်က ဝေဖန်ခဲ့ပြီး ယင်းက ရိုဟင်ဂျာတို့ကို ကြမ်းကြုတ်သော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရှေ့ကာလတွင် ဖြစ်နိုင်ဖွယ် ရက်စက်ကြမ်းကြုတ်သော ပြစ်မှုများဒဏ် ခံရစေအောင် လုပ်သလိုဖြစ်လိမ့်မည် ဖြစ်ကြောင်း ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required