ဘင်္ဂလားဒေ့ရှ်တွင် အဆိုးရွားဆုံး သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုအတွင်း သေဆုံးသူ ၁,၀၀၀ နီးပါး ရှိနေ

By Laprensalatina
27 September 2023
ဘင်္ဂလားဒေ့ရှ်တွင် အဆိုးရွားဆုံး သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုအတွင်း သေဆုံးသူ ၁,၀၀၀ နီးပါး ရှိနေ
Photo-AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မကြုံစဖူး သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုအတွင်း လူ ၂၀၀,၀၀၀ နီးပါး ကူးစက်ဖြစ်ပွားပြီး ထိုရောဂါကြောင့် သေဆုံးသူ ၁,၀၀၀ နီးပါးအထိ ရှိလာသည်။ လက်ရှိတွင် အာဏာပိုင်များသည် နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူနှင့် သေဆုံးသူဦးရေ မြင့်တက်မှုကို ထိန်းချုပ်ရန် အပြင်းအထန် ကြိုးပမ်းနေရသည်။

စက်တင်ဘာ ၂၅ ရက်က အဆိုပါ သွေးလွန်တုပ်ကွေးကြောင့် လူ ၁၅ ဦးထက်မနည်း ထပ်မံသေဆုံးခဲ့သည့်အတွက် ယခုနှစ် ၂၀၂၃ အတွင်း အဆိုပါနိုင်ငံ၌ သေဆုံးသူဦးရေသည် ၉၄၃ ဦးအထိ ရှိလာစေကြောင်း ကျန်းမာရေးဝန်ဆောင်မှု ဦးစီးဌာနက စက်တင်ဘာ ၂၆ ရက်တွင် ပြောသည်။ တချိန်တည်းမှာပင် လက်ရှိအကျပ်အတည်းအတွက် ကျေးလက်ဒေသများတွင် မကြုံစဖူး ရောဂါ ကူးစက်ပြန့်ပွားမှုများအပေါ် ပညာရှင်များက ပြစ်တင်ထားသည်။

“ဒီနှစ်ထဲမှာ သေဆုံးသူအရေအတွက် အင်မတန် များပြားတာကို တွေ့နေရတယ်။ ဘာကြောင့်လဲဆိုတော့ သွေးလွန်တုပ်ကွေးဟာ ခုချိန်မှာ နိုင်ငံရဲ့ နေရာအားလုံးမှာ ကူးစက်ပျံ့နှံ့နေတာကြောင့်ပါ။ အရင်တုန်းကဆိုရင် ဒီ ရောဂါဖြစ်ပွားမှုဟာ အများအားဖြင့်တော့ မြို့ပြဧရိယာတွေမှာပဲ ဖြစ်တာများခဲ့ပါတယ်” ဟု Bangabandhu Sheikh Mujib ဆေးတက္ကသိုလ်၏ ဒုတိယအကြီးအကဲဟောင်း၊ ရောဂါပိုးမွှားဗေဒပညာရှင် နာဇ်ရူလ် အစ္စလမ်က ပြောသည်။

သေဆုံးသူစုစုပေါင်းအနက် ၆၁၇ ဦးသည် မြို့တော် ဒါကာတွင် သေဆုံးခြင်း ဖြစ်ပြီး ၃၂၆ ဦးသည် နိုင်ငံ၏ အခြားနေရာဒေသများတွင် သေဆုံးခြင်း ဖြစ်ကြောင်း အစိုးရဒေတာအချက်အလက်များအရ သိရသည်။

“ဘယ်လိုပဲ မလုံလောက်ဘူးပြောပြော၊ ဒါကာလို မြို့ပြနေရာတွေမှာ ထိန်းချုပ်ကန့်သတ်မှု အစီအမံတချို့က ရှိနေဆဲပါ။ ဒါပေမယ့် ကျေးရွာတွေဘက်မှာတော့ အားထုတ်မှုတစုံတရာ မတွေ့ရဘူး” ဟု အစ္စလမ်က ပြောသည်။

နောက်ဆုံး ရရှိသည့် ကိန်းဂဏန်းများအရ ခြင်ကြောင့် ပေါက်ဖွားသည့် ဗိုင်းရပ်စ်ကြောင့် စက်တင်ဘာလအတွင်း လူ ၃၅၀ ခန့် သေဆုံးခဲ့ရပြီး ယင်းသည် ၂၀၀၀ ပြည့်နှစ်က စံချိန်မှတ်တမ်းများ တရားဝင် စတင်ကောက်ယူပြီးနောက်ပိုင်း တလတည်းအတွင်း အမြင့်မားဆုံး သေဆုံးမှုအရေအတွက် ဖြစ်သည်။

အာဏာပိုင်များအနေဖြင့် ပေါ့ဆမှု ရှိခဲ့ပြီး အရေးယူဆောင်ရွက်မှု မပြုလုပ်ခင် အခြေအနေကို ပိုမိုဆိုးရွားစေခွင့်ပြုခဲ့ကြောင်း ကျန်းမာရေး အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူများက စွပ်စွဲသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required