မတူပီမြို့နယ် ဝေလူးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု ကလေးငယ် ၈ ဦး အပါအဝင် ၁၁ ဦးသေဆုံး

By (မဇ္ဈိမ)
17 November 2023
မတူပီမြို့နယ် ဝေလူးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု ကလေးငယ် ၈ ဦး အပါအဝင် ၁၁ ဦးသေဆုံး

ချင်းပြည်နယ် ၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ် နယ်စပ်ရှိ ဝေလူးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကလေးငယ်  ရှစ်ဦး အပါအဝင် ၁၁ ဦးသေဆုံးပြီး အမျိုးသမီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

နိုဝင်ဘာလ ၁၅ ရက် ညဦးပိုင်းက စစ်ကောင်စီ ဂျက်လေယာဥ်နှစ်စင်းဖြင့် လာရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာရှိကလေးငယ်များ ညပိုင်းစာသင်ကြားနေချိန် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ တဦးက ဆိုသည်။

‘’ရွာသားတွေပြောတာ အဲဒီညမှာ လေယာဉ်ပျံတွေ နိမ့်နိမ့်လေး ပျံလာတာ ခေါင်မိုးပေါ်က ကပ်ပြီးပျံလာတာတဲ့။ အသံတွေအကျယ်ကြီး နောက်တော့ ပေါက်ကွဲသံတွေ ကြားရတာပဲတဲ့။ ပျက်စီးတာကတော့ စာသင်ကျောင်းနှင့်နီးတဲ့ နေရာက ပိုထိသွားတယ်” အဝေးရောက် ဝေလူးကျေးရွာ ဒေသခံက ပြောသည်။

  မောင်ထန်ဟုန်း ( အသက် ၁၁ နှစ်)၊ မမလီလီမိုး (  အသက် ငါးနှစ်) ၊မောင်ရှမွေလ (အသက် ၁၂ နှစ် )၊ မောင်ကီးနိုင်း (အသက် ကိုးနှစ်) ၊ မောင်ဉာဏ်ဝင်းအောင် (အသက် ခုနစ်နှစ်)  ၊ မောင်ဘွေကုန်းထန်(ခုနစ်နှစ်)၊  မဇွန်လီဆန်း( အသက် ရှစ်နှစ်) ၊  မခိုင်သဇင် ( အသက် ၁၁ နှစ်)   ဦး အွမ်စာ (အသက် ၆၅) ၊ ဦးသဲနိုင် (အသက် ၃၉ နှစ်)  နှင့်  CDM ကျောင်းဆရာဦးဟာလောင်း တို့အပါအဝင် ၁၁ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝေလူးကျေးရွာတွင် အိမ်ခြေ ၆၀ ကျော် ရှိပြီး သွပ်မိုးအိမ် ၁၈ လုံး မီးလောင်ပျက်စီးကာ ဘုရားကျောင်းနှစ်ကျောင်း နှင့် စာသင်ကျောင်းဆောင် နှစ်ဆောင် ပျက်စီးခဲ့ကြောင်း သိရသည်။
 
ဝေလူးကျေးရွာနှင့် အနီးတဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်၍ မတူပီမြို့နယ် ပညာရေးဘုတ်အဖွဲ့က  ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှဝမ်းနည်းရကြောင်း ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက်က ထုတ်ပြန်ထားသည်။

ထို့ပြင် မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှလည်း ထိုဖြစ်ရပ်နှင့် ပတ်သက်၍ စစ်ကောင်စီကို ပြင်းထန်စွာရှုတ်ချပြီး ဒေသတွင်း တော်လှန်ရေးအင်အားစုများက အရေးပေါ် တုံ့ပြန်ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေကြောင်း ယမန််နေ့က ထုတ်ပြန်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required