ဖလမ်းအခြေစိုက် ရဲစခန်းမှ ရဲတပ်ကြပ်ကြီး အပါအဝင် ၅ ဦး CNDFထံ အလင်းဝင်

By (မဇ္ဈိမ)
17 November 2023
ဖလမ်းအခြေစိုက် ရဲစခန်းမှ ရဲတပ်ကြပ်ကြီး အပါအဝင် ၅ ဦး CNDFထံ အလင်းဝင်

ချင်းပြည်နယ်၊ ဖလမ်းမြို့ အခြေစိုက် စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းမှ ရဲတပ်ကြပ်ကြီး နှစ်ဦး၊ တပ်ကြပ် နှစ်ဦး နှင့် တပ်သား တဦး စုစုပေါင်း ငါးဦး သည် နိုဝင်ဘာလ ၁၄ ရက် က ချင်းအမျိုးသားတော်လှန်ရေးတပ်ဖွဲ့ (CNDF) ထံ လက်နက်မဲ့ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။

‘’ဖလမ်းမှာ တာဝန်ကျတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ ကျွန်တော်တို့ဆီမှာ အလင်းဝင်လာတယ်ဆိုတာကို အတည်ပြုလို့ရပါတယ်။ စကစကတော့ တော်တော်လေးအားနည်းလာတာတော့သိသာတာပေါ့။ ညီနောင်မဟာမိတ်သုံးဖွဲ့အပြင် ဒေသအသီးသီးမှာလည်း ထိုးစစ်ဆင်လာတာရယ်၊ တိုင်းနဲ့ ပြည်နယ်တွေမှာလည်း ထိုးစစ်ဆင်လာတဲ့အတွက်ကြောင့် ရက်ပိုင်းတွေမှာ သူတို့လုပ်ရှားလို့မရတာကတော့ ပေါ်ပေါ်ထင်ထင်ပါပဲ။  ကျွန်တော်တို့သိမ်းလိုက်တဲ့စခန်းတွေဆိုရင် ဘယ်နေရာမဆို လွယ်လွယ်လေးနဲ့ သိမ်းလိုက်နိုင်တယ် ။

မင်းအောင်လှိုင်တပ်တွေက စိတ်ဓါတ်တော်တ်ောကျလာတယ်ဆိုတာ သိသာလာတယ်။ အရင်က ခက်ခက်ခဲခဲနဲ့ ငါးရက်ကျော်တိုက်ခဲ့တဲ့ သီးဘွလ်စခန်းဆိုရင် တညထဲနဲ့ပြန်ရနိုင်တဲ့အနေအထားရှိတယ်ဆိုတော့ ဘာပဲပြောပြောသူတို့စိတ်ဓါတ်ရေးရာမှာတော့ တော်တော်လေးကျလာတယ်။ စစ်ကူလည်း မပေးနိုင်တော့တဲ့ အနေအထားမှာရှိတယ် ’’ဟုလည်း ချင်းအမျိုးသားအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဝီလျှံချင်းက ဆိုသည်။

CNDF ထံ အလင်းဝင်လာသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်ကြီး နှစ်ဦး မှာ တပ်ကြပ်ကြီး ဦးလှော်ကာလ် အသက် ၆၀ နှစ် ၊တပ်ကြပ်ကြီး ဦးကျူံးငွန်ဆန်း အသက် ၅၂ နှစ်၊ တပ်ကြပ် ဘွဲ့သင်းထန်း အသက် ၄၁ နှစ်၊ တပ်ကြပ် စုခန့်ပြန်း အသက် ၃၅ နှစ် နှင့် တပ်သား ထောင်းနွန်ထန်း အသက် ၂၆ နှစ်တို့ဖြစ်ပြီးလည်းကောင်းတို့ထဲမှ တပ်ကြပ်ကြီး နှစ်ဦးသည် ဖလမ်းဆေးရုံးကြီးတွင် ကင်းစောင့်နေသည့်သူများဖြစ်သည်ဟုလည်းသိရသည်။

လက်ရှိ အလင်းဝင်လာသည့်သူ ငါးဦးကို ချင်းအမျိုးသားတော်လှန်ရေးတပ်ဖွဲ့ (CNDF)က ၎င်းတို့၏ အသက်လုံခြုံရေး အတွက် တာဝန်ယူပေးထားပြီး လွတ်မြောက်နယ်မြေအတွင်း ပို့ဆောင်းထာ ပြီးဖြစ်ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required