စစ်ကောင်စီရဲ့ စခန်းများ သိမ်းပိုက်နိုင်ခဲ့ဟု KIA ပြော

စစ်ကောင်စီရဲ့ စခန်းများ သိမ်းပိုက်နိုင်ခဲ့ဟု KIA ပြော

ကချင်ပြည်နယ်တစ်ဝှမ်း စစ်ကောင်စီရဲ့အရေးပါတဲ့ တပ်စခန်းတစ်ခုဖြစ်ခဲ့တဲ့ အလော့ဘွန်းအပါအဝင် တပ်စခန်းတစ်ချို့ကို  သိမ်းယူထားနိုင်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဗိုလ်မှူးကြီးနော်ဘူက “တချို့တွေက ပြောချင်တာက ကာကင်းတွေ၊ ခဏတစ်ဖြုတ်နေတဲ့ တပ်စခန်းတွေ ဒီလိုမျိုးလည်းရှိပါတယ်။ အဲ့ဒါကြောင့် ဒီလကုန်ပိုင်းလောက်မှာဆိုရင်လည်း အတည်ပြုပြီးမှ ပြောလို့ရမှာပါ။ အခုလောလောဆယ်က အွန်လိုင်းက ပြောသလောက်ပဲရှိပါတယ်။ ကျွန်တော်တို့ဆီမှာ တပ်စခန်းတွေကို သိမ်းတယ်ဆိုတာကတော့ သိပ်ပြီးတော့ မများပါဘူး”လို့ ပြောပါတယ်။

တစ်ချို့တပ်စခန်းတွေကတော့ KIA က ထိုးစစ်ဆင်လို့မဟုတ်ဘဲ အထိနာနေပုံရတဲ့ စစ်ကောင်စီရဲ့တပ်တွေက သူ့ဘာသာ ဖယ်သွားတာမျိုးလည်းရှိတယ်လို့ ဆိုပါတယ်။ ဖားကန့်ဘက်မှာ ရဲကင်းစခန်းတစ်ချို့ကို သိမ်းယူတာရှိပေမယ့် စခန်းအထိုင်ချတာမျိုးမလုပ်ဘူးလို့ ဆိုပါတယ်။

KIA က သိမ်းယူခဲ့တဲ့အထဲ အလော့ဘွန်းစခန်းတိုက်ပွဲဆိုရင် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနဲ့ပါ အင်အားသုံးခဲ့ပေမဲ့  လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က အကျအဆုံးများခဲ့ပြီး  အုပ်စုလိုက် လက်နက်ချမှုတွေရှိခဲ့တယ်လို့ ကချင်ဘက်က ဖေ့စ်ဘွတ်လှုမူကွန်ရက်စာမျက်နှာတွေမှာ တွေ့ရပါတယ်။

ဗိုလ်မှူးကြီးနော်ဘူက အသေးစိတ်မပြောပေမဲ့ “ တကယ်လို့များ လက်နက်ချတာ၊ လက်မြှောက်တာရှိပြီဆိုရင်တော့ ဂျီနီဗာကွန်ဗန်းရှင်းစည်းမျဉ်းစည်းကမ်းအတိုင်း လုပ်ရမှာဖြစ်ပါတယ်” လို့ဆိုပါတယ်။

ထူးထူးကဲကဲ ထိုးစစ်ဆင်နေတဲ့ KIA နဲ့ ဆွေးနွေးဖို့ မတ်လတုန်းက မြေပြန့်ဒေသမှာ လူထုအုံကြွဆန္ဒပြမှုတွေနဲ့ ဗျာများနေသလို တစ်ခြားဒေသတစ်ချို့မှာလည်း တိုက်ပွဲတွေကြုံနေရတဲ့ စစ်ကောင်စီဘက်က ကမ်းလှမ်းခဲ့တာမှာ KIA က ရွှေ့ဆိုင်းခဲ့ပါတယ်။ မတ်လ ဒုတိယပတ်အတွင်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်အခြေအနေတွေကလည်း ပိုမို တင်းမာလာခဲ့ပါတယ်။

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ဦးလမိုင်ဂွန်ဂျာက “အာဏာသိမ်းပြီး နောက်ပိုင်းမှဖြစ်လာတဲ့ပုံကိုကြည့်မယ်ဆိုရင် သူတို့ (KIA) လည်း စစ်မျက်နှာတွေ ဖွင့်ပြီးတော့မှ ပတ်ပတ်လည် တစ်နေရာတည်းမဟုတ်ဘူး။"လို့ ပြောရင်း စစ်ကောင်စီဘက်က ပြန်လည် စစ်အင်အားတိုးချဲ့မှုတွေလုပ်နေတာကြောင့်  နောက်ထပ်စစ်ပွဲတွေ "ဆိုးဆိုးရွားရွားပေါ့လေ။ ဆိုလိုတာက နည်းနည်းပြင်းပြင်းထန်ထန်ဖြစ်လာနိုင်တဲ့ အရိပ်အယောင်တော့မြင်တယ်ဗျ”လို့ ဆိုပါတယ်။

ဧပြီလ ၂၁၊ ၂၂ ရက်တွေမှာတော့ တိုက်ပွဲကြီးကြီးမားမားဖြစ်ပွားတာ မရှိသေးကြောင်းလည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required