“ တိုင်းရင်းသား ပါတီတွေ ဘာကြောင့် ရှုံးကြသလဲ”

“ တိုင်းရင်းသား ပါတီတွေ ဘာကြောင့် ရှုံးကြသလဲ”

အခုဆို ရွေးကောက်ပွဲ ရလာဒ် အသေးစိပ် ထွက်ပေါ်လာပါပြီ။ အင်န်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရပြီး ပြည်ခိုင်ဖြိုးပါတီက အပြတ်အသတ် ရှုံးနိမ့်ပါတယ်။ ဒါ့အပြင် ပြည်နယ်တွေ မှာပြိုင်တဲ့ တိုင်းရင်းသားပါတီတွေကလည်း နဂိုက မှန်းထားသလောက် မဲ မရကြပါဘူး။ ဒီအချက်နဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲမတိုင်ခင်က ဟောကိန်းထုတ်ခဲ့ကြတဲ့ နိုင်ငံရေး အကဲခတ်တွေ၊ သတင်းစာ ဆရာတွေ အားလုံးနီးပါး မှားကြပါတယ်။ တိုင်းရင်းသားပါတီတွေ ဘာကြောင့် အောင်မြင်မှု မရကြတာလဲဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြ သွားပါ့မယ်။

ရွေးကောက်ပွဲရလာဒ်တွေကို ကြည့်ရင် တိုင်းရင်းသားပါတီတွေထဲမှာ ရခိုင်အမျိုးသားပါတီ ANP နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD နှစ်ပါတီလောက်ပဲ အမတ်နေရာ တစ်ချို့ရတာပါ။ တိုင်းရင်း သားပါတီ အများစုကတော့ နည်းနည်းပါးပါး နိုင်တဲ့ပါတီနဲ့ လုံး၀ အနိုင်မရတဲ့ ပါတီတွေပဲ ရှိတာပါ။ ဘာလို့ အဲလို ဖြစ်ရတာပါလဲ။

ပထမတစ်ချက်က တိုင်းရင်းသားပါတီတွေအနေနဲ့ သူတို့ သက်ဆိုင်ရာ တိုင်းရင်းသား ပြည်သူတွေကို ဘယ်လို စည်းရုံးသလဲ ဆိုတာပါ။ ယေဘူယျအားဖြင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်၊ ကိုယ်ပိုင်အုပ် ချုပ်ခွင့်၊ ကိုယ်ပိုင် ပြဌာန်းခွင့် ဆိုတာထက်သိပ်ပြီး အသေးစိတ်ကျတဲ့ စည်းရုံးဆွဲဆောင်မှုမျိုး မတွေ့ကြရပါဘူး။ ဒီ စည်းရုံးမှုမျိုးဟာ ပြိုင်ဘက် တိုင်းရင်းသားပါတီ အချင်းချင်းနဲ့ရော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န် အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူဝါဒနဲ့ပါ သိပ်ပြီးကွာတာ မတွေ့ရပါဘူး။ ပြောရရင် တိုင်းရင်းသား ပါတီတွေဟာ မျိုးနွယ်တူ တိုင်းရင်းသားတွေက သူတို့ကို မဲပေးလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်ကလွဲရင် အခြား ထူးခြားတဲ့ မဲဆွယ် စည်းရုံးမှု ပြုလုပ်နိုင်တာ မတွေ့ရပါဘူး။ ဒီအချက်ဟာ တိုင်းရင်းသားပါတီတွေ မဲသိပ်မရခဲ့ရခြင်း ပထမ အကြောင်းရင်းဖြစ်ပါတယ်။

ဒုတိယ အချက်က ရခိုင်ကလွဲရင် တိုင်းရင်းအများစု ပါတီတွေ ကွဲနေကြခြင်းပါ။ အကွဲအပြဲဖြစ်နေတဲ့ ပါတီ တွေအနေနဲ့ သက်ဆိုင်ရာ တိုင်းရင်းသားပြည်သူတွေကို စည်းရုံးရ ခက်ခဲစေပါတယ်။ တစ်ချို့နေရာတွေမှာ ရသင့် တဲ့ မဲတွေ ကွဲသွားစေနိုင်ပါတယ်။ ဒါဟာလည်း တိုင်းရင်းသားပါတီတွေ အောင်မြင်မှုမရတဲ့ အချက်ဖြစ်ပါတယ်။ တတိယတစ်ချက်က ၂၀၁၀ ကျမှ ပေါ်ပေါက်လာတဲ့ တိုင်းရင်းသားပါတီ တစ်ချို့ဖြစ်ပါတယ်။ ၂၀၁၀ တုန်းကတော့ စစ်အာဏာပိုင်တွေဟာ လွှတ်တော်ထဲမှာ တိုင်းရင်းသားစုံ အရောင်စုံ၊ အသွေးစုံ ဖြစ်ရအောင်ဆိုပြီး အဲဒီပါတီက အမတ်တစ်ချို့ကို လွှတ်တော်ထဲ ရောက်အောင်ဖန်တီးပေးခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ပေးခဲ့ပါတယ်။ တစ်ချို့ကိုတော့ ပြည်နယ် အစိုးရအဖွဲ့ထဲမှာ ဝန်ကြီးရာထူးပေးပြီး စည်းရုံး သိမ်းသွင်းခဲ့ပါတယ်။ ဒီလိုနည်းနဲ့ ၂၀၁၅ ရွေးကောက်ပွဲ လုပ်တော့မယ် ဆိုတဲ့အခါ ၁၉၉၀ ကတည်းက ပေါ်ပေါက်ခဲ့တဲ့ ပြည်သူလူထု ထောက်ခံမှုရပြီးသား ပါတီတွေကနေ ပေါင်းစည်းဖို့ ကမ်းလှမ်းတာကို ပယ်ချခဲ့ကြပါတယ်။

ပါတီ ခေါင်းဆောင်အတော်များများ အစိုးရ အာဏာကို ယစ်မူးပြီး ကိုယ့်တိုင်းရင်းသား အချင်းချင်း ပါတီအချင်းချင်း ပေါင်းစည်းတာမလုပ်ပဲ အာဏာပိုင်တွေ အလိုကျ ပါတီတွေ တကွဲတစ်ပြားစီ နဲ့ရွေးကောက်ပွဲ ဝင်ခဲ့ကြပါတယ်။ သက်ဆိုင်ရာ တိုင်းရင်းသား ပြည်သူတွေ ကိုယ်တိုင်က အဲဒီပါတီတွေကို အာဏာပိုင်တွေရဲ့ လက်ဝေခံပါတီ၊ လက်ဝေခံ လူပုဂ္ဂိုလ်တွေအဖြစ် မြင်နေပြီးသား ဖြစ်ပါတယ်။ တစ်ချို့ဒေသတွေမှာတော့ ဗမာတပည့် ဆိုပြီး ခေါ်ဝေါ်တာတွေတောင် ရှိပါတယ်။ အခု ၂၀၁၅ ရွေးကောက်ပွဲမှာ အဲဒီပါတီတွေ အားလုံး အပြတ်အသတ် ရှုံးကြပါတယ်။ တစ်ချို့ပါတီဆို အမတ် တစ်နေရာ တောင် မရကြပါဘူး။

ကျင်းပပြီးသွားတဲ့ ရွေးကောက်ပွဲ၊ ပြည်နယ်တွေမှာ ဝင်ပြိုင်တဲ့ အင်န်အယ်လ်ဒီ အမတ်တွေ အားလုံးလို လိုလောက်ဟာ ဗမာတွေ မဟုတ်ကြပါဘူး။ သက်ဆိုင်ရာ ပြည်နယ်က တိုင်းရင်းသားတွေ ကိုယ်တိုင်ပဲ ဖြစ်ကြ ပါတယ်။ ဒါကြောင့် အဲဒီ အမတ်တွေဟာ တိုင်းရင်းသားတွေ ဖြစ်နေတာ၊ အင်န်အယ်လ်ဒီ ဖြစ်တာ၊ ဒေါ်အောင် ဆန်းစုကြည် အရှိန်အဝါ ရှိတာတွေကလည်း အားသာချက်ဖြစ်ပြီး တိုင်းရင်းသားပါတီတွေကို ရှုံးနိမ့်မှု ဖြစ်စေပါတယ်။

နောက်ထပ် အရေးကြီးတဲ့ တစ်ချက်ကတော့ ပြည်နယ် အသီးသီးမှာ နေထိုင်ကြတဲ့ ပြည်သူလူထုရဲ့ အနေ အထားပါ။ ပြည်နယ် အသီးသီးမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူ အတော်များများဟာ သက်ဆိုင်ရာ ပြည်နယ်နေ တိုင်းရင်းသားစစ်စစ်တွေ မဟုတ်ကြပါဘူး။ မြို့ပြစနစ် ထွန်းကားလာတာနဲ့ အတူ ရွှေ့ပြောင်းရောက်လာတဲ့ ဗမာနဲ့ အခြား တိုင်းရင်းသား မျိုးနွယ်စုတွေလည်းနေထိုင်ကြ ပါတယ်။ ဒါ့အပြင် မနည်းလှတဲ့ တိုင်းရင်းသား ပြည်သူတွေ ဟာ သွေးနှောတွေ ဖြစ်နေကြတာပါ။ ဗမာတိုင်းရင်းသားနဲ့ အခြားတိုင်းရင်းသား သွေးနှောတာ၊ အခြား တိုင်းရင်း သားအချင်းချင်း သွေးနှောကြ တာတွေပါ။ ဒီ ပြည်သူတွေဟာ တိုင်းရင်းသားတွေ ဖြစ်ပေမယ့် သက်ဆိုင်ရာ ပြည်နယ်နေ တိုင်းရင်းသားတွေ မဟုတ်လေတော့ အဲဒီ ပြည်နယ်က တိုင်းရင်းသားပါတီကို မဲပေးဖို့ သိပ် အကြောင်းမရှိပါဘူး။

သူတို့အနေနဲ့ အင်န်အယ်လ်ဒီကို ကြိုက်ရင်လည်းအင်န်အယ်လ်ဒီကိုပေး မကြိုက်ရင်လည်း တစ်ခြားပါတီကိုမဲပေးကြရုံပါပဲ။ ဒီအချက်ကြောင့်လည်း တိုင်းရင်းသားပါတီတွေ မဲမရကြပါဘူး။ နောက်ဆုံး အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ပါတီရဲ့ ရေပန်းစားမှု ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပြောင်းအလဲ ဆိုတဲ့ ကြွေးကြော်သံကို ဗမာတွေတင်မက၊ သွေးနှောတွေ တင်မက၊ သက်ဆိုင်ရာ တိုင်းရင်းသားတွေကလည်း ကြိုက်နှစ်သက်ကြပါတယ်။ ဒီအချက်ကလည်း တိုင်းရင်းပါတီတွေကို အရှုံးပေါ်စေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နောက်ပိုင်း တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးရ၊ အဲဒီလက် နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ ပင်မနိုင်ငံရေး ရေစီးကြောင်းထဲ ရောက်လာပြီ ဆိုရင်တော့ သက်ဆိုင်ရာ ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေ အင်အားကောင်းတာမျိုး ဖြစ်ကောင်း ဖြစ်လာနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required