“ ဒေါ်အောင်ဆန်းစုကြည် သမ္မတအထက်မှာ နေလို့ ရနိုင်မလား”

“ ဒေါ်အောင်ဆန်းစုကြည် သမ္မတအထက်မှာ နေလို့ ရနိုင်မလား”

အခုရက်ပိုင်းအတွင်း နိုင်ငံခြားသတင်းဌာနတွေ စိတ်အဝင်စားဆုံး ပြဿနာ တစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ နောက်တက်မယ့် သမ္မတနဲ့ သူ့ရဲ့ နေရာယူမှု အပိုင်းပါ။ နိုင်ငံခြား သတင်းဌာနတွေကို တွေ့ဆုံတိုင်း ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သူ့အနေနဲ့ သမ္မတ ဖြစ်ခွင့်မရပေ မယ့် အစိုးရအဖွဲ့သစ်ကို သူပဲ ဦးဆောင်မယ်၊ သမ္မတရဲ့ အထက်မှာနေမယ်၊ သမ္မတဆိုတာဟာ ပါတီရဲ့ ဆုံးဖြတ်ချက်တွေနဲ့အညီ ပြုမူလှုပ်ရှားရမှာဖြစ်ပြီး သူ့မှာ ဘာအခွင့်အာဏာမှ မရှိဘူးဆိုတာ ကောင်းကောင်း သဘောပေါက်ရမှာ ဖြစ်တယ်။ စသဖြင့် ပြောဆိုခဲ့လို့ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောနေ ဆိုနေတာ တွေဟာ ဖြစ်လာနိုင်ပါ့မလား၊ အခြား ဘာပြဿနာတွေများ ရှိလာနိုင်မလဲဆိုတာ ခုတစ်ပါတ် ဆွေးနွေး တင်ပြ သွားပါ့မယ်။ အားလုံး သိကြပြီး ဖြစ်တဲ့ အတိုင်း ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ် လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပါပြီ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရဆိုရင် လာမယ့် လွှတ်တော်မှာ သမ္မတတစ်ယောက်၊ ဒုသမ္မတ တစ်ယောက် တင်မြှောက်နိုင်ပါလိမ့်မယ်။ အစိုးရအဖွဲ့ ကို ဖွဲ့စည်းနိုင်ပါလိမ့်မယ်။ တိုင်းနဲ့ပြည်နယ်က ဝန်ကြီးချုပ်တွေကို ခန့်အပ်နိုင်ပါလိမ့်မယ်။

ဒါတင်မက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နေရာတွေကိုလည်း ရပါလိမ့်ဦးမယ်။ ပြောရရင် တိုင်းပြည်မှာ အမြင့်ဆုံး အဖွဲ့အ စည်းဖြစ်တဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာလည်း အဖွဲ့ဝင် ၁၁ ယောက်အနက် ၅ ယောက် နေရာ ရပါလိမ့်မယ်။ ကောင်းပါပြီ။ အဲဒီလို အနေအထားအောက်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘယ်နေ ရာမှာ နေမလဲ ဆိုတာပါ။ လက်ရှိ ဖွဲ့စည်း ပုံပါ ပြဌာန်းချက်တွေအရ သမ္မတနဲ့ အစိုးရ အဖွဲ့ဝင်တွေဟာ ပါတီနိုင်ငံရေးနဲ့ ကင်းကင်း ရှင်းရှင်း နေရမယ်၊ ပါတီလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခြင်း မရှိစေရ ဆိုတာမျိုး ပြဌာန်းထားပါတယ်။ ဒါဟာ အတော် ပြဿနာရှိတဲ့ ပြဌာန်းချက်ပါ။ ဒီ ပြဌာန်းချက်ကြောင့်ပဲ တပ်မတော်က မွေးဖွားပေးလိုက်တဲ့ ပြည်ခိုင် ဖြိုးပါတီကြီး နှစ်ခြမ်းကွဲမတတ် ဖြစ်ခဲ့ရပြီး၊ အဲဒီနှစ်ခြမ်း မကွဲတကွဲနဲ့ပဲ ရွေးကောက်ပွဲ ဝင်လိုက်ရလို့လည်း မရှုမ လှ အရေးနိမ့်ခဲ့တဲ့ ဖြစ်စဉ် ပူပူနွေးနွေး ဖြစ်ခဲ့ပြီးပါပြီ။

ဒေါ်အောင်ဆန်းစုကြည် မကြာခဏ ပြောလေ့ရှိတာကတော့ သူ့အနေနဲ့ အစိုးရအဖွဲ့ကို ဦးဆောင်မယ် ဆိုပြီး ဖြစ်ပါတယ်။ အစိုးရအဖွဲ့ကို ဦးဆောင်မယ်ဆိုတဲ့ စကားရဲ့ အနက်အဓိပ္ပါယ်ဟာ ပေါ်လစီ ဂိုက်လိုင်း အကြမ်းဖျဉ်း ချပေးရုံလောက် မဟုတ်ပဲ၊ တကယ့်ကို အရေးကြီးတဲ့ ဆုံးဖြတ်ချက် ပေါင်းများစွာအတွက် ကိုယ်တိုင်ပါဝင် အဆုံးအဖြတ် ပေးမယ်ဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။ ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည် အနေ နဲ့ သမ္မတ လုပ်ခွင့်မရတဲ့တိုင် အစိုးရအဖွဲ့ကို ကောင်းကောင်း ဦးဆောင်နိုင်ဖို့ အစိုးရအဖွဲ့အတွင်းမှာကိုပဲ ရှိနေဖို့ လိုပါတယ်။ ဥပမာအားဖြင့် စီနီယာ ဝန်ကြီးတစ်နေရာ ယူထားပြီး သမ္မတနဲ့အတူ အစိုးရ ကက်ဘိနက် အစည်း အဝေးထိုင်၊ ဆုံးဖြတ်ချက် ချပေးတာမျိုး ဖြစ်ပါတယ်။ အစိုးရ လုပ်ငန်းဆောင်တာ ဟူသမျှ ဝင်ပါလို့ရပြီး ဖွဲ့စည်းပုံနဲ့လည်း ညီညွတ်ပါတယ်။

ဒါပေမယ့် ပြဿနာအကြီးကြီးတော့ ရှိပါတယ်။ အစိုးရ အဖွဲ့ဝင် ဖြစ်သွားတဲ့အတွက် ပါတီနိုင်ငံရေး လုပ်လို့မရသလို ပါတီနဲ့ ဝေးဝေး နေရပါလိမ့်မယ်။ ဥပဒေပြုရေး ကိစ္စ၊ လွှတ်တော် ကိစ္စ ဝင်ပါလို့ မရတော့ပါ ဘူး။ ဖွဲ့စည်းပုံပြင်ရေးမှာ ဝင်ရောက် ဦးဆောင်လို့ မရတော့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရအဖွဲ့ ကို ဦးဆောင်မယ်ဆိုရင် လွှတ်တော် ဥပဒေပြုရေးကိစ္စနဲ့ ပါတီဦးဆောင်ရေး ကိစ္စကို စွန့်လွှတ်ရမယ့် သဘော ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အဲလို လုပ်နိုင်ပါရဲ့လား။ နောက်ပြဿနာတစ်ခုက တိုင်းပြည်ရဲ့ အမြင့် ဆုံးဖြစ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ ဝင်ပါဖို့ ကိစ္စ ဖြစ်ပါတယ်။ စီနီယာ ဝန်ကြီးဆိုရင် တော့ ကာ-လုံ ဆိုတဲ့ အဲဒီ အဖွဲ့ထဲပါလို့ မရတော့ပါဘူး။ နိုင်ငံခြားရေး ဝန်ကြီးဌာနကို တွဲပြီး ယူထားရင်တော့ ရနိုင်ပါတယ်။

နောက်တစ်ချက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စိတ်ချရသူ တစ်ယောက်ကို သမ္မတခန့်၊ ကိုယ်တိုင် က လွှတ်တော်အကြီးအကဲ နေရာမှာနေပြီး ဥပဒေပြုရေး၊ ဖွဲ့စည်းပုံပြင်ရေးကို ဦးဆောင်၊ ပါတီကို ဦးဆောင် ဆိုရင်ကော ဖြစ်မှာလား ဆိုတာမျိုးပါ။ ဒါဆိုရင်တော့ အစိုးရအဖွဲ့ကို ဦးဆောင်ဖို့ ဆိုတာမျိုးကတော့ လုံးဝ မဖြစ် နိုင်တော့ပါဘူး။ ပါတီခေါင်းဆောင် တစ်ယောက်အနေနဲ့ ပါတီရဲ့ မူဝါဒလောက်ကိုပဲ ချမှတ်လို့ရမှာဖြစ်ပြီး မြောက်များလှစွာသော အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေမှာ ပါဝင်ခွင့်တော့ရမှာ မဟုတ်ပါဘူး။ အဲလို မူဝါဒ ချမှတ်ရုံလောက်နဲ့တော့ အစိုးရအဖွဲ့ကို ဦးဆောင် တယ်လို့ ခေါ်နိုင်မှာ မဟုတ်သလို၊ သမ္မတရဲ့ အထက်မှာရှိ နေတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်မှာ မဟုတ်ပါဘူး။

နောက်ပြဿနာတစ်ခုက ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတရဲ့ လုပ်ပိုင်ခွင့် ကြီးမား များပြားတာပါ။ တိုင်းပြည်မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပြီးရင် သမ္မတရဲ့ လုပ်ပိုင်ခွင့် အများဆုံးပါပဲ။ သမ္မတဟာ ပါတီလုပ်ငန်းတွေမှာ ဝင်ပါလို့ မရဘူးဆိုရင် ပါတီနဲ့ အဆက်အသွယ် လုပ်လို့မရတဲ့ သဘောပါ။ ပါတီ အစည်း အဝေးတွေမှာ ဝင်ထိုင်လို့ မရပါဘူး။ အလားတူ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန် ဆက်သွယ်၊ ဆက်ဆံ၊ လုပ်ကိုင်ဆောင်ရွက်ဖို့ ဆိုရင်လည်း ခက်ခဲမှာပဲ ဖြစ်ပါတယ်။

ပြောရရင် အခု ပြဿနာဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတအထက်မှာ နေလို့ရမရဆိုတဲ့ အခြေအနေမျိုး မဟုတ်သေးပါဘူး။ ပထမ တစ်ချက်ကတော့ အစိုးရအဖွဲ့ အလွှဲအပြောင်းကိစ္စ ဖြစ်လာ မှာလား၊ မဖြစ်လာဘူးလား ဆိုတာက အရင်ပါ။ တကယ်လို့ လျောလျောလျူလျူ ဖြစ်လာရင်လည်း လက်ရှိသမ္မတ ဦးသိန်းစိန် ရသလောက် ဝန်ကြီးဌာနတွေ ပါလာမှာလား၊ တပ်မတော်ကို ခွဲပေးရမှာ ရှိဦးမလား ဆိုတာပါ။ အဲဒါပြီးမှ မေးရမယ့် မေးခွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၅ နှစ်တာ ပါတီကို စွန့်လွှတ်ပြီး အုပ်ချုပ် ရေးပိုင်းမှာ နေမလား ဒါမှမဟုတ် ဥပဒေပြုရေးပိုင်းမှာနေပြီး ပါတီကို ဦးဆောင်မလား ဆိုတာပါ။ အုပ်ချုပ်ရေး ပိုင်းမှာ နေမယ်ဆိုရင်တော့ အသွင်သဏ္ဍာန်အားဖြင့် သမ္မတ လက်အောက်မှာ နေရပေမယ့် အနှစ်သာရ အားဖြင့် သမ္မတအထက်ကနေပြီး အစိုးရအဖွဲ့ကို ဦးဆောင်သွားလို့ ရကောင်း ရနိုင်ပါတယ်။ ဥပဒေပြုရေးပိုင်း မှာနေပြီး ပါတီဥက္ကဋ္ဌအဖြစ် ဆက်ရှိနေဦးမယ် ဆိုရင်တော့ သမ္မတအထက်မှာ နေလို့ရမှာ မဟုတ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required