မန္တလေး ဖေဖော်ဝါရီ ၁၅။ ။ မန္တလေး-မြစ်ကြီးနား အမှတ် ၄၁ အစုန် လူစီး စာပို့ ရထား ဖေဖော်ဝါရီလ ၁၄ ရက် ညနေ ၆ နာရီခန့်က အင်းဝတံတား(စစ်ကိုင်းတံတား အဟောင်း) ၅ ဂုံးနှင့်၆ဂုံးကြားတွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။
စက်ခေါင်းမောင်း ဦးနေဝင်းလှိုင် လက်ထောက် စက်ခေါင်းမောင်း ဦးသဲမောင်စိုး ဂါတ်ဗိုလ် ဦးဖုန်းမြင့်တို့ လိုက်ပါလလာသည့် အဆိုပါ ရထားသည် အင်းဝတံတား ၅ ဂုံးနှင့်၆ ဂုံးကြား အရောက်တွင်မီးလောင်ခဲ့ခြင်းဖြစ်သည်။
မီးလောင်ရသည့် အကြောင်းအရင်းမှာ ဘရိတ်တွဲ အပူလွန်ကဲရာမှ တစ်ဆင့် ကုန်တွဲပေါ်ပါသည့် ပစ္စည်းများကို လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကာ ထိခိုက် ဒဏ်ရာရရှိမှု မရှိသလို တံတား ထိခိုက်မှုလည်း မရှိကြောင်း ရဲမှတ်တမ်း အရသိရသည်။
မီးလောင်မှုကြောင့် သတင်စာများ ကြက်ဥ ၊ အုန်းသီး နှင့် မီးပလပ်ခုံ များ ပျက်စီးဆုံးရှုံးခဲ့ရာ စုစုပေါင်း ပျက်စီးဆုံးရှုံးမှု တန်ဖိုး ၁၁၃၈၀၀၀ကျပ် ဆုံးရှုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
မီးလောင်သည့် ရထားတွဲအား ရွာထောင်ဘူတာတွင်ဖြုတ်ထားခဲ့ပြီးရထားမှာ မြစ်ကြီးနားသို့ ဆက်လက်ထွက်ခွာသွားခဲ့သည်။