မိုင်းဖုန်းဆရာတော် မြစ်ကြီးနားနှင့် ပူတာအိုဒေသသို့ ကြွချီမည်

By ကချင်လေး
18 March 2023
မိုင်းဖုန်းဆရာတော် မြစ်ကြီးနားနှင့် ပူတာအိုဒေသသို့ ကြွချီမည်

(မဇ္ဈိမ)။   ။ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ကြွ‌ရောက်မည်ဖြစ်ကြောင်း  ဆရာတော်၏ တပည့်ဒါယကာများက မဇ္ဈိမကို ပြော သည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာ အုပ်စု၊ ဆွတ်ဆိုင်ကျေးရွာရှိ လွယ်ယွန်းခမ်းတောင်ပေါ်တွင် သီတင်းသုံး နေထိုင်တော်မူသည့် မိုင်းဖုန်းဆရာတော်သည် ယခုနှစ် တန်ခူးလ လဆန်းပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ကြွ‌ရောက်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်မှာ မိုင်းဖုန်းဆရာတော် ကြွရောက်မည့်နေ့ကို အတိအကျ မသိရသေးပေ။

သို့သော်လည်း မိုင်းဖုန်းဆရာတော်သည် မြစ်ကြီးနားမြို့တွင် တရားဒေသနာကို နှစ်ရက်ခန့် ဟောကြားမည်ဖြစ်ကြောင်း ဆရာတော်၏ တပည့်ဒါယကာတစ်ဦးက မဇ္ဈိမကို ပြောသည်။

"မိုင်းဖုန်းဆရာတော်က အခုလာမယ့်တန်ခူးလမှာ ကြွ‌ရောက်တော်မူမှာပါ၊ ဆရာတော် ရောက်မယ့်ရက်ကိုတော့ အတိအကျ မသိရသေးပါဘူး။ ပင့်ထားတာတော့ကြာပြီ။ ဆရာတော်က ပူတာအိုဘက်အထိ ကြွချီမှာလို့ သိရတယ် "ဟု မိုင်းဖုန်းဆရာတော်၏ တပည့်ဒါယကာ တစ်ဦးက ပြောသည်။

မိုင်းဖုန်းဆရာတော်သည် မြစ်ကြီးနားမြို့မှတစ်ဆင့် မြန်မာပြည်မြောက်ပိုင်း ပူတာအိုဒေသသို့ ဆက်လက်ကြွချီမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်မှာ မကြာခင် ကြွရောက်လာမည့် မိုင်းဖုန်းဆရာတော်အား ကြိုဆိုပူဇော်နိုင်ရန် မြစ်ကြီးနား - ဝိုင်းမော် ဗလမင်းထင် တံတားအနီးရှိ မုတ်ခိုးတောင် ( ဒေသအခေါ် ရွှေမိုးတောင်စေတီ) မှာ  လိုအပ်သော ပြင်ဆင်မှုများကို ယခုမတ်လအတွင်းက စတင်ကာ ဆောင်ရွက်နေကြပြီ ဖြစ်သည်။

မိုင်းဖုန်းဆရာတော်သည် ယမန်နေ့ မတ် ၁၅ ရက်နေ့က သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ ဌာနချုပ်ရှိရာ လွိုင်တိုင်းလျန်းသို့ ကြွချီကာ တရားဟောခဲ့ကြောင်းလည်း သိရသည်။

စာတည်း။  ။ နောင်နောင်
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required