KIA စစ်သင်တန်းဆင်းဟုစွပ်စွဲကာ ဖမ်းဆီးခံရသည့် လူငယ် ၅ ဦးကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စစ်ဆေးနေ

KIA စစ်သင်တန်းဆင်းဟုစွပ်စွဲကာ ဖမ်းဆီးခံရသည့် လူငယ် ၅ ဦးကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စစ်ဆေးနေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် KIA စစ်သင်တန်းဆင်းဟုစွပ်စွဲကာ ဖမ်းဆီးခံရသည့် လူငယ် ငါးဦးကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စစ်ဆေးနေကြောင်း အဆိုပါလူငယ်များနှင့် နီးစပ်သူများက မဇ္ဈိမကို ပြောသည်။

မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်တွင် မတ်လ ၃၀ ရက်နေ့ ညနေပိုင်းက တက်တူထိုးသည့်ဆိုင်မှ အမျိုးသား ငါးဦးကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမှတ်(၄) အထူးကွန်မန်ဒိုအဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အဆင့်မြင့် အိမ်စီးကားသုံးစီးဖြင့် မျက်နှာတွင် အမည်းရောင်ပုဝါများ စည်းထားသော အင်အား ၂၅ ဦးခန့် ပါဝင်သည့် အထူးကွန်မန်ဒိုအဖွဲ့က ဆိုင်ရှင်အပါအဝင် လူငယ်လူတစ်စုကို လက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီး ခေါ်ဆောင် သွားခြင်းဖြစ်သည်ဟု အမည်မဖော်လိုသော သတင်းရင်းမြစ်က ပြောသည်။

“အိမ်ရှင်ရဲ့သားကို စောင့်ကြည့်နေတာကြာပြီနဲ့တူတယ်၊  နာမည်ကိုခေါ်ပြီးမှကို တစ်ခါတည်း ဝင်လာတာ၊ အဲ့မှာ ကျန်တဲ့လူငယ်တွေက တက်တူးထိုးဖို့ ရောက်နေတာ အကုန်လုံးကို လက်နောက်ပြန်ဖမ်းချုပ်ပြီး ခေါ်သွားတာ၊ ဒီလိုလာဖမ်းတာ ရပ်ကွက်လူကြီးတောင် မသိလိုက်ဘူးတဲ့။ ကျနော်တို့သူတို့လည်း သတင်း ရလို့ နောက်မှလူကြီးတွေကိုမေးကြည့်တာ တိုင်း(စစ်ဌာနချုပ်) ကို ခေါ်သွားတယ် ပြောတယ်။ ရဲစခန်းမှာ မရှိဘူးတဲ့” ဟု သတင်းရင်းမြစ်က ပြောသည်။

ထိုသို့ လာရောက်ဖမ်းဆီးစဥ်တွင် နေအိမ်တွင်ရှိနေသော ကားတစ်စီးကို ယူဆောင်သွားသည့်အပြင် အဖမ်း ခံရသူများ၏ သတင်းများကို ဆက်လက်စုံစမ်းခြင်းမပြုရန်နှင့် စုံစမ်းပါက စုံစမ်းသူကိုပါ ထပ်မံဖမ်းဆီးမည် ဟု ခြိမ်းခြောက်သွားကြောင်း သိရသည်။

တပ်တွင်းသတင်းရင်းမြစ်၏အဆိုအရ ဖမ်းဆီးခံလူငယ်များကို KIA ထံမှ စစ်သင်တန်းဆင်းလူငယ်များဟု စွပ်စွဲပြီး စစ်ဌာနချုပ်ကတိုက်ရိုက်ကိုင်တွယ်သည့် အထူးအကြမ်းဖက်ကွန်မန်ဒိုတပ်ရင်းမှ လျှို့ဝှက်သီးသန့် ကိုင်တွယ်စစ်ဆေး‌နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ လူပေါင်း ၂၀,၉၄၂ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး စစ်ကြောရေးတွင် သေဆုံးသူများ အပါအဝင် ၃၁၉၄ ဦးကို စစ်တပ် က သတ်ဖြတ်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန် ထားသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required