ကြိုတင်မဲ အခက်အခဲ စာနာ နားလည်ပေးရန် ရွေးကောက်ပွဲကော်မရှင် တောင်းပန် ထုတ်ပြန်

ကြိုတင်မဲ အခက်အခဲ စာနာ နားလည်ပေးရန် ရွေးကောက်ပွဲကော်မရှင် တောင်းပန် ထုတ်ပြန်
ဂျပန်နိုင်ငံရောက် ကြိုတင်မဲပေးသူများကို တွေ့ရစဉ်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲကို ပြည်ပနိုင်ငံများရောက် မြန်မာနိုင်ငံသားများအတွက် ကြိုတင်မဲများကို သက်ဆိုင်ရာနိုင်ငံ သံရုံး အသီးသီးတွင် ပေးနိုင်ကြပြီဖြစ်ရာ မဲဆန္ဒပေးခွင့် မရှိသူများ ပေါ်ပေါက်ခြင်း၊ ဆန္ဒမဲ လက်မှတ်မပြည့်စုံမှုများ ပေါ်ပေါက်လာပြီးနောက် အခက်အခဲများကို နားလည်ပေးကြရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။

သက်ဆိုင်ရာ သံရုံးများသည် “ရွေးကောက်ပွဲ အတွေ့အကြုံ နည်းပါးခြင်း၊ သံရုံးများတွင် ဝန်ထမ်းကန့်သတ်ချက် ရှိခြင်း၊ အဆင်ပြေစွာ ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ရန် သံရုံးအသီးသီးတွင် အခက်အခဲ ရှိမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခံစား နားလည်မိပါကြောင်း၊ ပြည်တွင်း/ပြည်ပရှိ မဲဆန္ဒရှင်များ အနေဖြင့်လည်း နားလည်ပေးစေလိုပါကြောင်း မေတ္တာရပ်ခံ အသိပေး ကြေညာ အပ်ပါသည်” ဟု ကြေညာချက်တွင် ပါရှိသည်။

တောင်ကိုရီးယားနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအတွက် ကြိုတင်မဲပေးရန် မဲဆန္ဒလက်မှတ် ၆၀၀၀ တောင်းခံထားသော်လည်း ၃၀၀၀ ကျော်သာ ရရှိသည်ဟု တောင်ကိုရီးယာရောက် မြန်မာနိုင်ငံသားများက ဆိုကြသည်။ အလားတူ တောင်ကိုးရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင်  တာဝန် ထမ်းဆောင်နေသည့် သံရုံးဝန်ထမ်း တစ်ဦးပင် အဆိုပါ မဲပေးနိုင်သည့် စာရင်းတွင် မပါဝင်ဟု ဆိုကြသည်။

ဂျပန်ရောက် မြန်မာတစ်ဦး အမျိုးသားနှင့် ပြည်သူ့လွှတ်တော်အတွက် မဲပေးခွင့်မရဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် ကြိုတင်မဲ မြန်မာသံရုံးတွင် စတင်ပေးနိုင်ပြီဖြစ်ရာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်နှင့် တိုင်းရင်းသား ဝန်ကြီးတို့အတွက် မဲပေးခွင့်လက်မှတ် လေးခု ရရှိရမည်ဖြစ်သော်လည်း ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အတွက် မဲပေးခွင့်လက်မှတ်မရဟု ရှမ်းပြည်နယ် တောင်ကြီးမှ ဂျပန်နိုင်ငံရောက်နေသူ တစ်ဦးက ဆိုသည်။ (ရုပ်သံကို - Myo Gyi Face Book မှ ရယူပါသည်)

Posted by Mizzima - News in Burmese on Saturday, October 17, 2015

အလားတူ ဂျပန်နိုင်ငံတွင်လည်း ကြိုတင်မဲများကို အောက်တိုဘာ ၁၇ ရက်က စတင်ပေးနေပြီဖြစ်ရာ စုံလင်သည့် ဆန္ဒမဲပြားများ မရရှိကြောင်း ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက ဆိုသည်။

ရှမ်းပြည်နယ် တောင်ကြီးမှ ဂျပန်နိုင်ငံရောက် အမျိုးသမီးတစ်ဦးမှာ ဆန္ဒမဲလေးပြား ရရှိရမည် ဖြစ်သော်လည်း ပြည်နယ်လွှတ်တော်အမတ်အတွက် ဆန္ဒမဲပြားတစ်ပြားနှင့်၊ တိုင်းရင်းသား ဝန်ကြီးနေရာအတွက် အဆိုပြုဆန္ဒမဲပြား တစ်ပြားသာရရှိသည်ဟု ဆိုသည်။ ဆန္ဒမဲပေးရမည့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်အတွက် ဆန္ဒမဲပြားမရရှိဟု ဆိုသည်။

အလားတူ အခြား အမျိုးသမီးတစ်ဦးမှာလည်း ဆန္ဒမဲပြား သုံးပြားသာရရှိပြီး ပြည်သူ့လွှတ်တော်အတွက် ဆန္ဒမဲပြားမရရှိဟု ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အောက်တိုဘာ ၁၆ ရက် ထုတ်ပြန်ချက်တွင် “နိုင်ငံခြားရှိ သံရုံးများ အသီးသီးအနေဖြင့်လည်း တစ်နိုင်ငံလုံးရှိ မြို့နယ်အနှံ့မှ လက်ခံရရှိသော မဲလက်မှတ်များအား သက်ဆိုင်ရာ မဲဆန္ဒရှင်များသို့ လည်းကောင်၊ မဲပေးရမည့် လွှတ်တော်များအလိုက် လည်းကောင်း အဆင်ပြေစွာ မဲပေးနိုင်ရေးသည် လွန်စွာမှ ကြီးမားသော လုပ်ငန်း ပမာဏ ဖြစ်သည်။” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required