ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ခရီးစဉ် ယုံကြည်မှုခိုင်မြဲစေမည့် ခရီးဖြစ်စေလိုဟု ထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ခရီးစဉ် ယုံကြည်မှုခိုင်မြဲစေမည့် ခရီးဖြစ်စေလိုဟု ထုတ်ပြန်
အောက်တိုဘာ ၁၄ ရက်နေ့က ရှေ့ပြေးအဖြစ် ကြိုတင်သွားသော အဆိုတော် လင်းလင်းနှင့် ဦးစိုးဝင်းတို့ကို ဒေသအာဏာပိုင််တို့က တားဆီးနေသည်ကို တွေ့ရစဉ်။

ဒေါ်အောင်ဆန်းစုကြည်၏ရခိုင်ခရီးစဉ်သည် ရခိုင်အမျိုးသားတို့၏ အနာဂတ်ကို ပိုမိုလှပစေပြီး အပြန်အလှန် ယုံကြည်ကာ ပူးပေါင်းဆောင်ရွက်နိုင်မည့် ခရီးစဉ်တစ်ခုဖြစ်လာရန် မျှော်လင့်ကြောင်း Arakan National Network အောက်တိုဘာ ၁၆ ရက်တွင် ကြေညာချက် တစ်ရပ် ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်သို့ စည်းရုံးရေး ရောက်ရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် တိုက်ဆိုင်လျက် ရခိုင်အမျိုးသား ကွန်ယက် Arakan National Network  က ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ၏ ရိုးသားပြီး ရှင်းလင်းတိကျသော သဘောထားများ၊ နိုင်ငံရေး အရတည်ကြည်မှုနှင့် အပြန်အလှန်ယုံကြည်ပြီး ပူးပေါင်းဆောင်ရွက်နိုင်မှုတို့ကသာ ကျွန်ုပ်တို့အားလုံး၏ အနာဂတ်ကို ပိုမိုလှပစေမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်ခရီးစဉ် အောင်မြင်ပါစေ” ဟု ကြေညာချက်တွင် ပါရှိသည်။

အိမ်ရှင်မှ ဧည့်သည်အပေါ် ဧည့်ဝတ်တရား ကျေပွန်ရမည် ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည် ခရီးစဉ်အား ကျန်တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့်အတူ ဂုဏ်ယူဝမ်းမြောက် ကြိုဆိုပါကြောင်းနှင့် ခရီးစဉ်အတွင်း NLD ပါတီစည်းရုံးရေး ကိစ္စများအပြင် ရခိုင်ပြည်သူတို့ လက်ရှိခံစားနေရသော လူမှုဒုက္ခအဖုံဖုံကို လက်တွေ့ ခံစားသိမြင်လာပြီး နောင်အနာဂတ် ကာလ၌ ရခိုင် တိုင်းရင်းသားတို့ဘက်မှ ပိုမို ရပ်တည် လာမည်ဟု မျှော်လင့်ကြောင်းလည်း ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၁၆ ရက်နေ့တွင် သံတွဲမြို့သို့ သွားရောက်မဲဆွယ် စည်းရုံးရေးပြုလုပ်ပြီး၊ ထိုမှတဆင့် တောင်ကုတ်နှင့် ဂွမြို့သို့ ဆက်လက်ထွက်ခွာမည်ဟု သံတွဲခရိုင် NLD ပါတီဥက္ကဋ္ဌ ဦးဝင်းနိုင်က မဇ္ဈိမသို့ပြောသည်။

အောက်တိုဘာ ၁၄ ရက်နေ့က ရှေ့ပြေးအဖြစ် ကြိုတင်သွားသော အဆိုတော် လင်းလင်းနှင့် ဦးစိုးဝင်း တို့အား တောင်ကုတ်မြို့ အသွား လမ်းတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် ရဲများ အရပ်ဝတ်များက အန္တရယ်ရှိသည်ဆိုကာ တားဆီးခံခဲ့ရသည်ဟု အဆိုတော် လင်းလင်းက သူ၏ အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

ပဋိပက္ခများ ပေါ်ပေါက်ခဲ့သည့် ရခိုင်ပြည်နယ်သို့ သွားရောက်နေသည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကို အရပ်ဝတ်ရဲ ၆၀ ကျော်က တောင်ကုတ်မြို့တွင် လုံခြုံရေး ယူပေးမည်ဟုလည်း ဒေသအာဏာပိုင်တို့က မဇ္ဈိမကို ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly