တစ်ချိန်လုံးဗိုက်ဆာနေသူလေးတွေရှိလား

တစ်ချိန်လုံးဗိုက်ဆာနေသူလေးတွေရှိလား

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

   

ခုနကပဲ ထမင်းစားလိုက်တယ်နော်။ ခု..ဆာလာပြန်ပြီ။ တစ်ခုခုစားချင်သလိုပဲဆိုပြီး ဖြစ်နေတဲ့ ဘော်ဘော်လေးတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးဖတ်ကြည့်နော်။
ဗိုက်ခဏခဏဆာရတာဒီအကြောင်းတွေကြောင့်ပါ

လူတစ်ယောက်ဟာ တစ်နေ့ကို မနက်စာ၊နေ့လယ်စာ၊ညစာအပြင်တစ်ချိန်လုံးတသွတ်သွတ်စားနေတာမျိုးဆိုရင် ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ရပ်လို့ဆိုရပါမယ်။

ဝိတ်ချနေတာ

ခန္ဓာကိုယ်မှာ ရှိသင့်တဲ့ကိုယ်အလေးချိန်ထက်များနေတာကြောင့် အစားလျော့နေတာမျိုးဖြစ်တဲ့အခါမှာလည်း ခန္ဓာကိုယ်က လုံလောက်တဲ့ အာဟာရဓာတ်တွေကို မရရှိတာကြောင့် ဆာလောင်တာမျိုးဖြစ်နိုင်ပါတယ်။

အချိုအများကြီးစားမိတာ

အချိုအစားများတာကလည်း လူတစ်ယောက်ရဲ့ စားချင်စိတ်ကိုတိုးစေနိုင်ပါတယ်။ အချိုဓာတ်များတဲ့ အစားအစာတွေက ခန္ဓာကိုယ်တွင်းမှာ ghrelin ဟော်မုန်းထွက်ရှိမှုကိုတိုးစေနိုင်ပြီး ခဏခစဗိုက်ဆာတယ်လို့ ခံစားရစေပါတယ်။

ပရိုတင်းစားတာနည်းနေတာ

စားလိုက်တဲ့အစားအစာတွေထဲမှာ ပရိုတင်းပါဝင်မှုနည်းတာကလည်း ခဏခဏဗိုက်ဆာစေရတဲ့ အချက်တစ်ခုပါ။ မနက်စာကနေစလို့ ညစာအထိစားသုံးတဲ့ အစားအစာတွေထဲမှာ ပရိုတင်းလုံလောက်စွာပါရှိနေမယ်ဆိုရင် ကိုယ်အလေးချိန်တက်တာမျိုးမဖြစ်နိုင်သလို ခဏခဏဆာလောင်မှုကနေလည်း ကင်းဝေးမှာပါ။ အရွယ်ရောက်ပြီးသားအမျိုးသားတစ်ယောက်အနေနဲ့ တစ်နေ့ကို ပရိုတင်းပမာဏ ၅၆ ဂရမ်၊ အမျိုးသမီးတစ်ယောက်အနေနဲ့ တစ်နေ့ကို ပရိုတင်းပမာဏ ၄၆ ဂရမ်လိုအပ်ပါတယ်။

ရေဓာတ်မပြည့်ဝခြင်း

ရေဓာတ်မပြည့်တာကလည်း ခဏခဏဗိုက်ဆာစေနိုင်ပါတယ်နော်။ မနက်စာမစားခင် နာရီဝက်အလိုမှာ  ရေ ၀.၅ လီတာ၊ နေ့လယ်စာမစားခင် နာရီဝက်အလိုမှာ ရေ ၀.၅ လီတာ၊ ညနေစာမစားခင် နာရီဝက်အလိုမှာ ရေ ၀.၅ လီတာ သောက်ပေးမယ်ဆိုရင် ခဏခဏဆာတာမျိုးမရှိဘဲ ဗိုက်ပြည့်နေတယ်၊လို့ခံစားရစေမှာပါ။ ဒီလိုမျိုးပုံမှန်လုပ်ပေးမယ်ဆိုရင် စားချင်စိတ်ခဏခဏမဖြစ်ဘဲ ခန္ဓာကိုယ်ကို ကျစ်လျစ်စေမှာပါ။
အမျှင်ဓာတ်လုံလောက်အောင်မစားတာ
အမျှင်ဓာတ်က အဆာခံစေနိုင်သလို အစာခြေစနစ်ကျန်းမာဖို့နဲ့ ဝမ်းမှန်ဖို့အတွက်လည်း အထောက်အကူပြုပေးပါတယ်။ တစ်နေ့တာမှာ အမျှင်ဓာတ်ပါဝင်အောင် စားသုံးမှုက ခဏခဏမဆာစေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။  အရွယ်ရောက်ပြီး အမျိုးသားတစ်ယောက်အနေနဲ့ တစ်နေ့ကို အမျှင်ဓာတ် ၃၈ ဂရမ်စားသုံးဖို့လိုအပ်ပြီး အရွယ်ရောက်ပြီး အမျိုးသမီးတစ်ယောက်အနေနဲ့ကတော့ တစ်နေ့ကို အမျှင်ဓာတ် ၂၅ ဂရမ်လိုအပ်ပါတယ်။

အိပ်ရေးပျက်တာ

ခဏခဏဆာရတာက အိပ်စက်ချိန်မပြည့်ဝတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ အိပ်ရေးပျက်တဲ့အခါ ကိုယ်တွင်း ကဟော်မုန်းပမာဏတွေ မမျှတတော့ဘဲ စားချင်စိတ်ကို တိုးစေနိုင်ပါတယ်။အိပ်ရေးပျက်တာကြောင့် ခဏခဏစားမိတာကနေတဆင့် အဝလွန်လာနိုင်ပါတယ်။ အိပ်ရေးပျက်တာက အချိန်ကြာလာရင်ဆီးချိုရောဂါဖြစ်တဲ့ အထိဆိုးရွားနိုင်ပါတယ်။
ပျင်းလို့
အချို့လူတွေက အစားခဏခဏစားတာ ဆာလို့ဆိုတာထက် ပျင်းနေတာကြောင့်ပါ။ မဆာဘဲ ပျင်းလို့စားမိနေတာဆိုရင်တော့ ဒီအကျင့်ကို ဖျောက်သင့်ပါတယ်။

အငန်ကဲတာတွေစားတာ

အငန်အစားများတာက ဗိုက်ခဏခဏဆာစေနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူတစ်ယောက်အနေနဲ့ တစ်နေ့တာမှာ အငန်ဓာတ် ၂၃၀၀ မီလီဂရမ်ပဲစားသင့်ပါတယ်။ ဒီပမာဏထက်ပိုစားမယ်ဆိုရင် အစားစားချင်စိတ်ပိုဖြစ်ပေးစေနိုင်သလို ရေရှည်မှာ နှလုံးထိခိုက်လာနိုင်စေပါတယ်။

စိတ်ဖိစီးမှုများနေတာ

စိတ်ဖိစီးမှုကလည်း အစားစားချင်စိတ်ပေါ်မှာ သက်ရောက်မှုရှိနေပါတယ်။ စိတ်ဖိစီးမှုများနေတာက ghrelin ဟော်မုန်းထွက်ရှိမှုတိုးစေပြီး တစ်ချိန်လုံးဆာနေစေနိုင်ပါတယ်။

အရက်သောက်သုံးတာ

အရက် နဲ့ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေက ဗိုက်ခဏခဏဆာစေနိုင်ပါတယ်။သင်က အယ်လ်ကိုဟောကြိုက်တတ်သူဆိုရင်တော့ ဗိုက်ခဏခဏဆာနေရတာက အယ်လ်ကိုဟောရဲ့ သက်ရောက်မှုတစ်ခုပါ။
အမျိုးအစား – ၂ ဆီးချို
အမျိုးအစား -၂ ဆီးချိုရောဂါရဲ့ လက္ခဏာတစ်ရပ်အနေနဲ့လည်း ခဏခဏဆာနေနိုင်ပါတယ်နော်။ ခဏခဏဆာတာနဲ့အတူ ရေငတ်မယ်၊ ဆီးခဏခဏသွားမယ်၊ အမြင်အာရုံတွေဝေဝါးမယ်၊ အနာကျက်နှေးမယ်၊ အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန်ကျလာမယ်ဆိုရင် အမျိုးအစား -၂ ဆီးချိုရောဂါခံစားနေရတာပါ။

ဗိုက်ခဏခဏဆာနေပြီဆိုရင် ဒီအချက်လေးတွေထဲကတစ်ချက်ချက်ကြောင့်ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်မဟုတ်ဘဲ ခဏခဏဆာနေပြီဆိုရင် ဒီအချက်တွေထဲက ဘယ်တစ်ချက်ကြောင့်လဲဆိုတာ ကိုယ်တိုင်ဆန်းစစ်ကြည့်ပါလို့ပြောပါရစေ……………

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required