မိန်းကလေးတွေ နှင်းဆီပွင့်ဖတ်နဲ့ ရေစိမ်တာကို ဘာလို့ကြိုက်ကြတာလဲ

မိန်းကလေးတွေ နှင်းဆီပွင့်ဖတ်နဲ့ ရေစိမ်တာကို ဘာလို့ကြိုက်ကြတာလဲ

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

   

ရုပ်ရှင်တွေထဲမှာ ကောင်လေးက သူ့ချစ်သူအတွက် ရေထဲမှာ နှင်းဆီပန်းပွင့်လေးတွေ စိမ်ထားပြီး ရိုမန်းတစ်ဆန်ဆန် စီစဉ်ပေးတာမျိုး မြင်ဖူးကြမှာပါ။ မိန်းကလေးတွေအကြိုက် နှင်းဆီပွင့်ဖတ်လေးတွေကို ခြွေပြီး စိမ်ထားတဲ့ ရေနဲ့ချိုးလိုက်ရင် ဘယ်လိုကောင်းကျိုးတွေရနိုင်မလဲ၊ ဘာကြောင့် မိန်းကလေးတွေက ဒါကို သိပ်သဘောကျကြတာလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။
နှင်းဆီပွင့်ဖတ်နှင့် ရေစိမ်ခြင်းအလေ့အထ

နှင်းဆီပန်းပွင့်ကို ရှေးယခင် နှစ်ပေါင်းများစွာကတည်းက အလှကုန်ပစ္စည်းတွေ၊ အလှအပထိန်းသိမ်းမှုဆိုင်ရာမှာ အသုံးပြုခဲ့ကြပါတယ်။ ဓာတုဗေဒပစ္စည်းတွေ ပါဝင်တဲ့ ရေမွှေးအစား သင်းပျံ့တဲ့မွှေးရနံ့နဲ့ နှင်းဆီပန်းဟာ မိန်းကလေးတွေ အကြိုက်ပါပဲ။ နောက်ပိုင်း အလှကုန်တွေမှာသာမက အစားအစာနဲ့ ဖျော်ရည်တွေမှာပါ နှင်းဆီပွင့်ဖတ်ကို ထည့်သွင်းအသုံးပြုလာကြပါတယ်။

နှင်းဆီပွင့်ဖတ်ကို သေချာလေးခြွေပြီး ရေစိမ်လိုက်တဲ့အခါ သူ့ထဲမှာ ပါနေတဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေက ရေထဲကိုစိမ့်ဝင်သွားပါတယ်။ အဲ့ရေနဲ့စိမ်လိုက်တဲ့အခါ စိတ်ကိုကြည်လင်လန်းဆန်းစေတယ်။ ကိုယ်သင်းရနံ့ကို မွှေးပျံ့စေတယ်။ အသားအရေ ဖြူစင်ဝင်းပလာစေပါတယ်။ ဒါကြောင့်လည်း မိန်းကလေးတွေက ဒီလိုမျိုး နှင်းဆီပွင့်ဖတ်နဲ့ ရေစိမ်တာကို သဘောကျနေကြတာပေါ့။

ဒါ့အပြင် နှင်းဆီပွင့်ဖတ်နှင့် ရေစိမ်တဲ့အခါ လူတော်တော်များများ မသိသေးတဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေလည်း ရနိုင်ပါသေးတယ်။ အဲ့ဒါတွေကတော့

၁။ အရေပြား နီရဲပြီး ယားယံတာကို သက်သာစေပါတယ်။ နေပူထဲက ပြန်လာလို့ အရေပြားက နီရဲနေတာ၊ နှင်းခူ၊ အရေပြားမှိုစွဲရောဂါတွေကြောင့် ယားယံတဲ့ ဝေဒနာကိုလည်း လျော့နည်းသွားစေနိုင်ပါတယ်။

၂။ လည်ချောင်းနာနေတာ၊ အာသီးရောင်နေတဲ့သူတွေ နှင်းဆီပွင့်ဖတ်နဲ့ စိမ်ထားတဲ့ ရေကို သောက်ပေးခြင်းဖြင့် အရောင်ကျစေပြီး ယားကျိကျိ ဖြစ်နေတာကို သက်သာသွားစေပါတယ်။

၃။ မျက်နှာဖောရောင်လို့ စိတ်ညစ်နေတယ်ဆိုရင် နှင်းဆီပွင့်ဖတ်နဲ့ စိမ်ထားတဲ့ ရေနဲ့ မျက်နှာသစ်ပေးတာ၊ ရေပတ်တိုက်ပေးမယ်ဆိုရင် အရောင်ကျတာ မြန်စေတယ်နော်။

၄။ နှင်းဆီပွင့်ဖတ်ရဲ့ ဘက်တီးရီးယားပိုးတွေကို သေစေတဲ့ အာနိသင်ကြောင့် ဝက်ခြံတွေကို သက်သာပျောက်ကင်းစေတယ်။ ချွေးပေါက်တွေထဲမှာ ပိတ်မိနေတဲ့ အဆီနဲ့ ဖုန်မှုန့်တွေကိုလည်း ဖယ်ရှားပေးပြီး ဝက်ခြံထပ်မပေါက်စေဖို့ အရေပြားကို ကာကွယ်ပေးနိုင်ပါတယ်။

၅။ မျက်ခမ်းသား ရောင်ခြင်း (Conjunctivitis) အတွက်လည်း မျက်စဉ်းအနေနဲ့ အသုံးပြုလို့ ရတယ်။ နှင်းဆီပွင့်ဖတ်မှာ ကိုက်ခဲနာကျင်တာကို သက်သာစေပြီး ရောဂါပိုးသေစေတဲ့ အာနိသင်ကြောင့် မျက်လုံးနဲ့ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေအတွက်လည်း အသုံးပြုလို့ အဆင်ပြေပါတယ်။

၆။ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပြီး ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာလည်း ပါဝင်ပါတယ်။ အရေးအကြောင်း ထင်တာ၊ မျက်လုံးမို့အစ်တာ၊ နေလောင်တာ၊ အသားအရေပျက်စီးတာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၇။ ပွန်းပဲ့ထိခိုက်ထားတဲ့ ဒဏ်ရာ၊ မီးပူလောင်၊ ရေနွေးပူလောင်၊ အရေပြားမှာ အမာရွတ်ကျန်ခဲ့တယ်ဆိုရင်လည်း နှင်းဆီပွင့်ဖတ်လေးတွေနဲ့ ရေပုံမှန်စိမ်ပေးပါ။ အနာကျက်မြန်စေပြီး ပိုးသေစေလို့ အနာမရင်းအောင်လည်း ကူညီပေးပါတယ်။

၈။ စိတ်ညစ်နေတဲ့အချိန်ဆိုရင် နှင်းဆီရေနဲ့ ရေချိုးပေးခြင်းဖြင့် စိတ်ကို ကြည်လင်လန်းဆန်းစေတယ်။ စိတ်ဖိစီးမှုကို ပြေလျော့သွားစေပြီး လူကို အေးချမ်းသွားစေနိုင်တယ်။

၉။ မကြာခဏ ခေါင်းမူးခေါင်းကိုက် ဖြစ်တဲ့သူတွေကို အမွှေးရနံ့ကုထုံး (Aromatherapy) နဲ့ ကုလို့ရတယ်ဆိုတာ ကြားဖူးမှာပါ။ နှင်းဆီးပွင့်ဖတ်ရဲ့ သင်းပျံ့ပြီး စိတ်ကိုကြည်လင်စေတဲ့ မွှေးရနံ့ကြောင့် ခေါင်းကိုက်တာကိုလည်း အမြန်ဆုံး သက်သာပျောက်ကင်းစေနိုင်ပါတယ်။ အဝတ်သန့်သန့်လေးကို နှင်းဆီရေထဲမှာ စိမ်ထားပြီး ခေါင်းကိုက်နေတဲ့အချိန် နဖူးပေါ်မှာ ၄၅မိနစ်ခန့် အုပ်ထားပေးပါ။

နှင်းဆီပွင့်ဖတ်ကို ကိုယ်လိုအပ်သလောက် ပမာဏလေး ခြွေပြီး ရေထဲမှာ ထည့်စိမ်ထားပေးရုံနဲ့ ရပါပြီ။ အကိုက်အခဲတွေ ပြေလျော့သွားစေဖို့ သံလွင်ဆီ၊ အုန်းဆီ၊ လက်ဖက်ဆီ အစရှိတဲ့ သဘာဝအဆီအနှစ်တွေနဲ့ ထည့်ရောပေးလို့လည်း အဆင်ပြေစေပါတယ်။ နှင်းဆီရေမှာ အသားအရေကို ရေဓာတ်ဖြည့်တင်းပေးပြီး ဖြူစင်ဝင်းပလာစေတယ်။ အိုမင်းရင့်ရော်မှုကို နှေးကွေးစေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း များစွာပါဝင်ပါတယ်။

ပုံမှန်အားဖြင့် နှင်းဆီပွင့်ဖတ်နဲ့ ရေစိမ်တာ၊ စိမ်ထားတဲ့ ရေကို သောက်လို့ ဘေးထွက်ဆိုးကျိုးတွေ မဖြစ်စေပါဘူး။ နှင်းဆီပန်း၊ ပန်းဝတ်မှုန်တွေနဲ့ ဓာတ်မတည့်တဲ့ သူတွေဆိုရင်တော့ အရင်ဆုံးကို လက်ဖမိုးနဲ့ အရင်စမ်းကြည့်ပြီး အဆင်ပြေတယ်ဆိုမှ ဆက်လုပ်တာပိုကောင်းပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required