လုယက်မှုကျူးလွန်သူ ပြန်ခုခံ၍ သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီး

လုယက်မှုကျူးလွန်သူ ပြန်ခုခံ၍ သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီး
 ဓာတ်ပုံ -Yangon Police

ရန်ကုန် ၊ ဇူလိုင် ၂၈ ။                    ။ လှိုင်သာယာမြို့နယ်တွင် အလုပ်မှပြန်လာသူအား ဓားထောက်လုယက်မှုကျူးလွန်ခဲ့သူကို ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင်များကို ဓားဖြင့်ရန်ပြုတိုက်ခိုက်သဖြင့်   သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးရာ လုယက်သူမှာ သေဆုံးခဲ့ကြောင်း ရန်ကုန်ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်ဇူလိုင်လ ၂၈ ရက် ၊နံနက် ၁ နာရီအချိန်ခန့်တွင် စက်မှုဇုန်လုံခြုံရေး ဝန်ထမ်းဖြစ်သူ ကိုနိုင်လင်းမှ နေအိမ်သို့ပြန်လာစဉ် စက်မှုဇုန်(၂)၊ဦးရွှေအိုးလမ်းသို့ အရောက်၌ လူတစ်ဦးမှ ၎င်း၏လည်ပင်းအား ဓားဖြင့်ထောက်ကာ ငွေ ၂၀၀၀၀ကျပ်ကို လုယူစဉ် ငွေများအား ကိုနိုင်လင်းမှ ပြန်လည်ဆွဲယူခဲ့၍ လုယက်မှုကျူးလွန်သူက ဓားဖြင့်ထိုးခဲ့ရာ ကိုနိုင်လင်း၏ ဝဲဘက်တံတောင်ဆစ်တွင်   ပြတ်ရှဒဏ်ရာရှိခဲ့ပြီး လှိုင်သာယာမြို့မရဲစခန်းသို့ တိုင်ကြားရာ (ပ)၂၇၈၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လုယက်မှုကျူးလွန်သူအား လျင်မြန်စွာဖမ်းဆီးရမိရေးအတွက် လှိုင်သာယာမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များကသက်သေများနှင့်အတူ လိုက်လံရှာဖွေခဲ့ရာ စက်မှုဇုန် (၃)၊ ဦးမြဲလမ်းတွင်
လုယက်မှုကျူးလွန်ထားသူအား ဓားကိုင်ဆောင်ထားလျက်တွေ့ရှိသဖြင့်အသာတကြည် အဖမ်းခံရန် ပြောဆိုခဲ့သော်လည်း အဖမ်းမခံဘဲ ကိုင်ဆောင်ထားသော အရိုးအသွား(၁၀)လက်မခန့်ရှိ ဓားဖြင့် ခုခံရန်ပြုသဖြင့်ရဲတပ်ကြပ် ဇေယျာဖြိုးမှ ကိုင်ဆောင်ထားသော MA 13မောင်းပြန်သေနတ်ဖြင့်တားဆီး ကာကွယ်ခဲ့ရကြောင်း ရန်ကုန်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ပြစ်မှုကျူးလွန်သူသည် ရဲတပ်ကြပ်ကြီး မြင့်သိန်းအား  ဓားဖြင့်ဆက်လက်ထိုးခဲ့သဖြင့် တပ်ကြပ်ကြီး မြင့်သိန်း၏ ဝဲလက်ခုံတွင် ဓားဒဏ်ရာရရှိခဲ့ခြင်းကြောင့်ရဲတပ်ဖွဲ့ဝင်များအားအသက်အန္တရာယ်ဖြစ်စေရန် ရန်ပြုတိုက်ခိုက်လာသဖြင့် သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်ရဲတပ်ဖွဲ့က ဆိုထားသည်။

ပြစ်မှုကျူးလွန်သူမှာ သေနတ်ဒဏ်ရာရရှိသဖြင့် လှိုင်သာယာဆေးရုံသို့ပို့ဆောင်ကုသစဉ် ဆေးရုံတွင် သေဆုံးသွားခဲ့သည်။စစ်ဆေးချက်အရ လုယက်မှုကျူးလွန်သူမှာ ဆန်းလင်းဦး၊ (၂၅)နှစ်ဖြစ်ပြီး ၎င်းထံမှ အရိုးအသွား (၁၀)လက်မခန့်ရှိ ဓားဦးချွန်တစ်ချောင်းနှင့် လုယူခဲ့သည့် ငွေ ၂၀၀၀၀ကျပ်တို့ကို ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆန်းလင်းဦးသည် ပိတောက်ချောင်းနယ်မြေရဲစခန်းတွင် ခိုးမှု၊မသင်္ကာဖြင့် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် ထောင်(၂)လ ကျခံခဲ့ဖူးသူဖြစ်ကြောင်း ၊ထို့အပြင် သီရိမင်္ဂလာဈေးအတွင်း ဓားကိုင်ဆောင်
ရမ်းကားခဲ့သဖြင့် ၂၀၁၈ ဇန်နဝါရီလ ၂၉ရက်နေ့တွင် လက်နက်များအက်ဥပဒေပုဒ် ၁၉(င)ဖြင့် ထောင်ဒဏ် ၄လကျခံခဲ့ဖူးသူဖြစ်ကြောင်း ၎င်းမှာလွန်ခဲ့သော(၃)ရက်က ထောင်မှလွတ်လာသူ ဖြစ်ကြောင်း ရန်ကုန်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required