ကိုးကန့်ဥက္ကဋ္ဌ ဦးမြင့်ဆွေကို စစ်ကောင်စီက ရာထူးမှဖြုတ်ချပြီး ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်ဖြင့် အစားထိုး

By မောင်ခက်နွေ(မဇ္ဈိမ)
16 November 2023
ကိုးကန့်ဥက္ကဋ္ဌ ဦးမြင့်ဆွေကို စစ်ကောင်စီက ရာထူးမှဖြုတ်ချပြီး ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်ဖြင့် အစားထိုး
ပုံစာ - နိုဝင်ဘာလ ၈ ရက်နေ့က နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ကိုးကန့်ဥက္ကဋ္ဌ ဦးမြင့်ဆွေအားတွေ့မြင်ရစဉ် (ဓာတ်ပုံ - စစ်ကောင်စီ)

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေကို တာဝန်မှရပ်စဲလိုက်ပြီး ယာယီ ဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်ကို တာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီက နိုဝင်ဘာလ ၁၅ ရက် ယမန်နေ့က ထုတ်ပြန်ထားသည်။

ရာထူးမှဖြုတ်ချခံရသည့် ဦးမြင့်ဆွေသည်  ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် ကြံ့ခိုင်ရေးပါတီ၏  လောက်ကိုင်ဒေသကိုယ်စားပြု ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေး ကောက်တင်မြှောက်ခံခဲ့ရသူဖြစ်သည်။

ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်းမှတိုက်ပွဲများနှင့်ပတ်သက်ပြီး နိုဝင်ဘာလ ၈ ရက်နေ့က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးသို့     အထူးဖိတ်ကြားထားသူ အဖြစ်လည်း တက်ရောက်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီက အစားထိုးခဲ့သည့် ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်သည် ကိုးကန့်ဒေသအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်များကိုကွပ်ကဲနေသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှဖြစ် သည်။

ကိုးကန့်ဒေသကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသည့် အရပ်သားအစိုးရလက်ထက် တွင် စစ်တပ်ကကျောထောက်နောက်ခံပေးထားသော ကြံ့ခိုင်ရေးပါတီဝင်များက အစဉ်အဆက်အုပ်ချုပ် ခဲ့ကြသည်။

လက်ရှိတွင် ကိုးကန့်ဒေသမှာ အွန်လိုင်းမှငွေကြေးလိမ်လည်သူများ အခြေချရာဒေသဖြစ်လာခြင်းကြောင့်  မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော်(AA)နှင့် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့က စစ်အာဏာရှင်အမြစ်ဖြတ် တိုက်ဖျက် ရန်နှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတိုက်ဖျက်ရန် “Operation 1027” အမည်ရ စစ်ဆင်ရေးကို အောက်တိုဘာလ ၂၇ ရက်နေ့တွင်စတင်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းအများ အပြားကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

ထို့ပြင် ကိုးကန့်ဒေသ လောက်ကိုင်မြို့အနီးဝန်းကျင်မှ  စစ်ကောင်စီစခန်းများကို သိမ်းယူထားနိုင်ပြီး မြို့ ကို ဝင်ရောက်သိမ်းယူရန်ပြင်ဆင်နေပြီဖြစ်ကြောင်း MNDAA က နိုဝင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန် ထား သည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ကလည်း လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ် လက်အောက်ခံခြေမြန်တပ် ရင်း ခမရ(၁၂၉)မှ  တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင်အပါအဝင် တပ်ဖွဲ့ဝင် ၁၂၆ ဦးနှင့် မိသားစုဝင် ၁၃၄ ဦး လက်နက်ချအလင်းဝင်လာသည်ဟု  MNDAA က ထုတ်ပြန်ထားသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required