လောက်ကိုင်မြို့ကိုထိန်းချုပ်နိုင်ရန် စစ်ရေးအရှိန်မြှင့်သွားမည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့ထုတ်ပြန်

By ဂျူချန်း(မဇ္ဈိမ)
08 November 2023
လောက်ကိုင်မြို့ကိုထိန်းချုပ်နိုင်ရန် စစ်ရေးအရှိန်မြှင့်သွားမည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့ထုတ်ပြန်

တရုတ်နယ်စပ်နှင့်ထိစပ်နေသော လောက်ကိုင်မြို့ကိုထိန်းချုပ်နိုင်ရန် စစ်ရေးအရှိန်မြှင့်သွားမည် ဖြစ်ကြောင်း မြောက်ပိုင်းညီနောင်သုံးဖွဲ့မှ နိုဝင်ဘာ ၇ ရက်နေ့ ည ၁၂ နာရီတွင် သတင်းထုတ်ပြန်သည်။

မိမိတို့၏စစ်ဆင်ရေးပစ်မှတ်များထဲမှ တခုဖြစ်သော လောက်ကိုင်ဒေသပြန်လည်ရရှိရေးအတွက် စစ်ဆင် ရေးများကို အရှိန်အဟုန်မြှင့် ဆက်လက်လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယမန်နေ့ နိုဝင်ဘာ ၇ ရက် နံနက် ၆ နာရီတွင် လောက်ကိုင်မြို့နှင့် ခုနစ်ကီလိုမီတာ (လေးမိုင်ကျော်) ခန့် သာဝေးသည့် တာရွှေထန်ကျေးရွာအနီးရှိ စစ်ကောင်စီ၏ အမှတ်(၁၁)တပ်စခန်းကို MNDAA မှ ဦးဆောင် ကာ မဟာမိတ်ပူးပေါင်းတပ်များကတိုက်ခိုက်ခဲ့ပြီး နာရီဝက်အတွင်း စခန်းကိုသိမ်းပိုက်နိုင်ခဲ့ကြောင်း “၁၀၂၇ စစ်ဆင်ရေး ၁၂ ရက်မြောက်နေ့ တိုက်ပွဲသတင်း” ထုတ်ပြန်ချက်အရ သိရသည်။

လောက်ကိုင်မြို့အထွက်တွင်ရှိသည့် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း အမှတ်(၂၃၉)ကို ယမန်နေ့ ညပိုင်း တွင် ပူးပေါင်းတပ်မှ ဒရုန်းဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မြို့အတွင်းရှိ လောက်ကိုင်ဒကစမှ လက်နက်ကြီး များဖြင့်ပစ်ခတ်တိုက်ခိုက်နေရာ မြို့အနီးတွင် တိုက်ပွဲပြင်းထန်နေကြောင်း အမည်မဖော်လိုသည့် ဒေသခံ တဦးက ပြောသည်။

“မနေ့ညက မြို့နားတင်ပစ်ခတ်တာ အရမ်းများတယ်။ ခုထိတော့ မြို့ကို မဆောင့်သေးဘူး။ မြို့နဲ့ ကပ်ရက် တာရွှေထန်စခန်းကိုတော့ တော်လှန်ရေးအင်အားစုတွေ ရသွားပြီကြားရတယ်။  လောက်ကိုင်နဲ့ဆို ခုနစ် ကီလိုမီတာလောက်ပဲ ဝေးတော့တဲ့ အနေအထား။ ပြောရရင် မြို့နားအရမ်းကပ်နေပြီ။ မနေ့ညက ခလရ (၂၃၉) လောက်ကိုင်အထိုင်တပ်ကို drop bomb တွေချတယ်။ မြို့ထဲမှာတော့ မချဘူး” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

လောက်ကိုင်တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ MNDAA ပြောခွင့်ရ လီကျားဝင်းကို ဆက်သွယ်မေးမြန်း ရာတွင် အခြေအနေကို စောင့်ကြည့်ပေးရန်သာ ပြန်ပြောသည်။

လောက်ကိုင်မြို့သည် MNDAA မှထိန်းချုပ်ထားသည့် ချင်းရွှေဟော်နှင့် ၂၂ မိုင်ခန့်သာကွာဝေးပြီး မြို့ အတွင်း၌ စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားသည့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင် ဒကစ)၊ ခလရ(၂၃၉)၊ ခလရ(၃၂၂)၊ နယ်ခြားစောင့်တပ် (BGF) များအပြင် လုံထန်ပြည်သူ့စစ်၊ ထင်ပါကျိုင်း ပြည်သူ့ စစ်များအပြင် အခြားပြည်သူ့စစ်အဖွဲ့ငယ်များလည်းရှိကြောင်း သိရသည်။

လောက်ကိုင်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များသည် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျား ဖြန့်)ကိုအဓိကထားလုပ်ကိုင်နေကြပြီး ကာစီနိုရုံ ၅၀ ခုထက်မနည်းရှိကြောင်း ဒေသခံမှ သိရသည်။

၁၀၂၇ စစ်ဆင်ရေး၏ ရည်ရွယ်ချင်အတွင်းတွင် စစ်အာဏာရှင် အမြစ်ပြတ်ရေးအပြင် အွန်လိုင်းကျားဖြန့် ကုမ္ပဏီများနှင့် ထိုလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်နေကြသည့် စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နှင်းရန် ပါဝင်သည်။

တရုတ်နိုင်ငံသားများ အထိနာနေသည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) နှိမ်နင်းမည်ဟူသည့် အချက် သည် “စစ်ဆင်ရေး ၁၀၂၇” ကို တရုတ်နိုင်ငံမှ အသံတိတ်ထောက်ခံနေကြောင်း တရုတ်-မြန်မာ ဆက်ဆံ ရေးအကြောင်း အဓိကထားလေ့လာနေသည့် အမေရိကန်အစိုးရ၏ ငြိမ်းချမ်းရေးဌာန USIP မှ မြန်မာ နိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး ဂျေဆန်တာဝါက RFA သတင်းဌာနသို့  သုံးသပ်ပြောဆိုထားသည်။

ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် ချင်းရွှေဟော်၊ ကြူကုတ်(ပန်ဆိုင်း)၊ သိန္နီနှင့် နမ့်ခမ်း မြို့တို့ကိုထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီ၏ တပ်စခန်းအကြီး၊ အငယ် ၁၂၀ ကျော်ကို သိမ်းပိုက်ထား နိုင်ကာ သံချပ်ကာကားနှင့် လေယာဉ်ပစ်လက်နက်များအပါအဝင် လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရရှိထားကြောင်း ညီနောင်သုံးဖွဲ့မှ ထုတ်ပြန်ထားသည်။

Video- လောက်ကိုင်မြို့၊ နိုဝင်ဘာ ၇ (The Kokang)

စာတည်း။   ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required