လောက်ကိုင်မြို့အနီး ပစ်ခတ်မှုများ ဆက်လက်ပြင်းထန်

By ရွှေနွယ်(မဇ္ဈိမ)
28 October 2023
လောက်ကိုင်မြို့အနီး ပစ်ခတ်မှုများ ဆက်လက်ပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့အနီးတွင် ယနေ့ အောက်တိုဘာ ၂၈ ရက်နေ့ နံနက်ပိုင်း၌ လက်နက်ကြီးပစ်ခတ်မှုများပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

လောက်ကိုင်မြို့ စစ်ကောင်စီ၏ ဒေသကွက်ကဲမှုစစ်ဌာနချုပ် (ဒကစ) အတွင်းမှ ချင်းရွှေဟော်ဘက်သို့ ဦးတည်ကာ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း တုံချိန်ဒေသခံက မဇ္ဈိမကိုပြောသည်။

"ဒကစ ကမြို့ရဲ့ အနောက်ခြမ်း မြို့သစ်ဘက်မှာရှိတာပါ။ ချင်းရွှေဟော်ဘက်ကိုလှည့်ပစ်တာ။ ဒကစကနေ ပစ်တာပါ နေရာအတိကျကတော့ တုံချိန်ဘက်နေ မြင်နေရတာပဲ။ အခုပြောနေရင်းလည်း ပစ်ခတ်သံတွေကြားနေရတယ်" ဟု လောက်ကိုင်မြို့အတွင်းရှိ တုံချိန်မြို့နေဒေသခံမှ ယနေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် မဇ္ဈိမကိုပြောသည်။

ယမန်နေ့ အောက်တိုဘာ ၂၇ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ လောက်ကိုင်မြို့အနီးတွင် ပစ်ခတ်သံများကြားနေရခြင်းဖြစ်ပြီး ယနေ့အထိ ပစ်ခတ်နေဆဲဖြစ်ကြောင်းနှင့် စစ်ကောင်စီ၏ ဒကစမှ အဓိကပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံမှပြောသည်။

“ညကလည်း မနက် ၃ နာရီ ၄ နာရီလောက်ပစ်သံတွေကြားနေရတယ်။ လက်နက်ငယ်မဟုတ်ဘူး လက်နက်ကြီး” ဟု လောက်ကိုင်မြို့ပေါ်တွင်နေထိုင်သူ အမျိုးသမီးတဦးကလည်း ပြောသည်။

တုံချိန်မြို့သည် လောက်ကိုင်မြို့အထွက် ချင်းရွှေဟော်၊ လားရှိုး ဘက်သို့သွားသည့်လမ်းတွင် တည်ရှိသည်။

"မြို့ထဲ ထွက်လို့ရတယ်။ မထွက်ရဲလို့ သိပ်တော့ မထွက်ကြဘူး။ မြို့ပေါ် ဆိုင်တွေလည်း ပိတ်ထားတာ များတယ်။ လူသွားလားလည်း သိပ်မရှိဘူး" ဟု လောက်ကိုင်မြို့ဒေသခံက ပြောသည်။

လောက်ကိုင်မြို့အတွင်းရှိ ချင်းရွှေဟော်ဒေသကို ယမန်နေ့ အောက်တိုဘာ ၂၇ ရက်နေ့က မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ၊ ရက္ခိုင့်တပ်တော်(ULA/AA) တို့ဦးဆောင်သည့် မဟာမိတ်တပ်များမှ တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် အဆိုပါ မဟာမိတ်တပ်များသည် လောက်ကိုင်မြို့သို့ ဆက်လက်တိုက်ခိုက်ထိန်းချုပ်ရန် ကြိုးပမ်းလာမည်ဟု သတင်းများထွက်ပေါ်နေခြင်း ဖြစ်သည်။

ထို့ကြောင့် ယမန့်နေ့မှစတင်ကာ လောက်ကိုင်မြို့အတွင်း လူသွားလူလာကျဲပါး၍ စျေးဆိုင်များပိတ်ထားကြကြောင်းနှင့် စစ်ကောင်စီတပ်မှလည်း လောက်ကိုင်ဒေသခံများအား အပြင်ထွက်ခွင့်ပိတ်ပင်ထားကြောင်း လောက်ကိုင်ဒေသခံအချို့က ယမန်နေ့ညပိုင်းက မဇ္ဈိမကိုပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly