တိုက်ပွဲဖြစ်နေသည့် မြို့နယ် ၄ ခုမှအပ မန္တလေးတိုင်းတွင် ညမထွက်ရအမိန့် ရုပ်သိမ်း

By 007(မဇ္စျိမ)
28 October 2023
တိုက်ပွဲဖြစ်နေသည့် မြို့နယ် ၄ ခုမှအပ မန္တလေးတိုင်းတွင် ညမထွက်ရအမိန့် ရုပ်သိမ်း
ပုံအညွှန်း-  မန္တလေးမြို့အား ညအချိန်တွေ့ရစဥ်

မန္တလေးတိုင်းအတွင်း တိုက်ပွဲဖြစ်ပွားနေသည့် မြို့နယ်လေးခုမှ အပါ ကျန်မြို့နယ်များအားလုံးတွင် ညမထွက်ရအမိန့် ရုပ်သိမ်းလိုက်ကြောင်း သက်ဆိုင်ရာမြို့နယ် သတင်းရင်းမြစ်များထံက သိရသည်  တိုက်ပွဲဖြစ်ပွားမှု ရှိသည့် မိုးကုတ်၊ သပိတ်ကျင်း၊ စဥ့်ကူးနှင့် မတ္တရာမြို့နယ်များမှ အပ ကျန်မြို့နယ် ၂၄ မြို့နယ်တွင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ  ထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့်ကို ပြန်လည်ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။

“လော်စပီကာနဲ့လှည့်အော်သွားတယ်။ ဘာတွေမှန်းတော့ မသိဘူး။  ရပ်ကွက်ရုံးဘက် ထွက်စုံစမ်းတော့မှ ညမထွက်ရ အမိန့် ပြန်ရုပ်သိမ်းကြောင်း လိုက်ကြေညာတာတဲ့။ ပထမတော့ ကျွန်တော်တို့တမြို့နယ်တည်းလို့ မှတ်တာ။  နောက်တော့မှ မန္တလေးခုနစ်မြို့နယ်လုံးပါတယ်လို့သိရတယ်” ဟု မန္တလေး ချမ်းအေးသာစံမြို့နယ်မှ အမည်မဖော်လိုသူဒေသခံတဦးကပြောသည်။

ထိုအမိန့်ပြန်ရုပ်သိမ်းကြောင်း  သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများ လက်မှတ်ရေးထိုးထားသည့် အမိန့်ညွှန်ကြားစာများကို  ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်ရက်စွဲဖြင့် အောက်ခြေအဆင့်ဆင့်သို့ ပေးပို့ထားပြီးဖြစ်သည်ဟု မန္တလေးခရိုင်အုပ်ချုပ်ရေးမှူးရုံးနှင့်နီးစပ်သည့်အသိုက်အဝန်းကလည်း အတည်ပြုသည်။

"ညမထွက်ရအမိန့်ကိုပဲ ပယ်ဖျက်တာနော်။ တခြားစီတန်းလှည့်တာတို့ စုဝေးလှုပ်ရှားတာတို့အတွက်က ဒီအတိုင်းရှိနေသေးဦးမှာ။  မန္တလေး ၂၈ မြို့နယ်မှာ မတ္တရာ၊  စဥ့်ကူး၊  သပိတ်ကျင်း၊  မိုးကုတ် အဲဒီဘက်တွေ ပယ်ဖျက်တဲ့အထဲမပါဘူး" ဟု လုံခြုံရေးအရအမည်မဖော်ပြလိုသည့် နီးစပ်သူတဦးကဆိုသည်။

ထိုသို့ ညမထွက်ရအမိန့်ထုတ်ပြန်ထားခြင်းအား ပယ်ဖျက်ရုပ်သိမ်းလိုက်ကြောင်း သက်ဆိုင်ရာမြို့နယ်အလိုက် ဒေသခံများကလည်း အတည်ပြုသည်။

"ပုဒ်မ ၁၄၄ ရုပ်သိမ်းတဲ့အကြောင်း မြို့ထဲပတ်အော်သွားတယ်။  ဝမ်းတွင်း၊ သာစည် ၊အဲဒီဘက်တွေလည်း အော်သွားတယ်ကြားတာပဲ" ဟု မိတ္ထီလာမြို့ခံသတင်းရင်းမြစ်ကပြောသည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံ အနှံ့အပြားတွင် ထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့်အား မန္တလေး ၂၄ မြို့နယ်တွင် ပြန်လည်ရုပ်သိမ်းလိုက်ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင်တော့ ယခင် ည ၁၂ နာရီမှ ၄ နာရီအတွင်း အပြင်မထွက်ရအမိန့်အစား နံနက် ၁ နာရီမှ ၃ နာရီအထိဟု လျှော့ချပေးထားကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly