ထီးချိုင့်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး၃ ဦးအပါအဝင် ပြည်သူ ၁၇ ဦးသေဆုံး

By MTO(မဇ္ဇျိမ)
16 November 2023
ထီးချိုင့်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး၃ ဦးအပါအဝင် ပြည်သူ ၁၇ ဦးသေဆုံး
စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲမှုကြောင့် ထီးချိုင့်မြို့ပေါ်၌ မီးလောင်နေစဉ် Photo/ CJ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် သုံးရက်အတွင်း ကလေးငယ်သုံးဦးအပါအဝင် ပြည်သူ ၁၇ ဦးသေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ယမန်နေ့ နိုဝင်ဘာလ ၁၅ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် နိုဝင်ဘာလ ၁၂ ရက်နေ့မှ နိုဝင်ဘာလ ၁၄ ရက်နေ့အထိ ထီးချိုင့်မြို့နယ်၊ သခွတ်ချောင်ရွာ၊ ကိုးတဲရွာ၊အလယ်တောရွာနှင့် အင်းတိန်ရွာများကို  ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အသက် နှစ်နှစ်အောက်ကလေးငယ် နှစ်ဦး၊ အသက် ခြောက်နှစ်အရွယ်ကလေးငယ်တ ဦး၊ ကိုယ်ဝန်ဆောင်မိခင်တဦးအပါအဝင် ပြည်သူ၁၇ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

" နှစ်ဖက်ထိတွေ့ တိုက်ပွဲရပ်တန့်နေချိန်မှာ စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ စစ်ရှောင်နေတဲ့ နေရာတွေကို ဆက်တိုက်ဆိုသလို တိုက်ခိုက်လာတာ” ဟုထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောသည်။

သေဆုံးသူများမှာ သခွပ်ချောင်ကျေးရွာမှ အမျိုးသမီးတဦး၊ကလေးငယ်တဦး၊ ကိုးတဲကျေးရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးနှင့်ကလေးငယ်နှစ်ဦး၊ အလယ်တောရွာမှ အမျိုးသမီးသုံးဦး၊ အမျိုးသားခုနစ်ဦး၊ အင်းတိမ်ရွာမှ အမျိုးသား နှစ်ဦးဖြစ်ကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှသိရသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ များသည် နိုဝင်ဘာလ ၇ ရက်နေ့ မှ စတင်ကာ ထီးချိုင့်မြို့သိမ်းတိုက်ပွဲအဖြစ် မြို့ပေါ်မှ စစ်ကောင်စီစခန်းများကို တိုက်ခိုက်ခဲ့ကြသည်။ မြို့ခံများသည် နီးစပ်ရာကျေးရွာများတွင် စစ်ဘေးရှောင်နေခဲ့ကြသော်လည်း တိုက်ပွဲအတွင်း စစ်ရေးပစ်မှတ်မဟုတ်သည့်နေရာများကို စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဒေသခံများကပြောသည်။

" လေကြောင်းက‌နေ ရွာထဲတွေကို ဗုံးကြဲတယ်။ မြို့ပေါ်က ‌အိမ်‌တွေ၊ ဈေး‌တွေကို မီးလိုက်ရှို့တယ်။ စစ်တပ်ဘက်က လုပ်တာ" ဟု ဒေသခံတဦးကပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများအတွင်း  ထီးချိုင့်မြို့ပေါ်ရပ်ကွက်များမှ နေအိမ်များ၊ ဘုန်းကြီးကျောင်းများလည်းပျက်စီးခဲ့သည်ဟုသိရသည်။

NUGလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်သည့် အရပ်သားသေဆုံးမှုစာရင်းအပြင် ထီးချိုင့်မြို့‌ ပေါ်၌ တိုက်ပွဲများပြင်းထန်ခဲ့သည့် နိဝင်ဘာလ ၈ ရက်နေ့ မှ ၁၂ ရက်နေ့ အတွင်း  စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားငါးဦး သေဆုံးခဲ့သည်ဟုထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

လတ်တလောတွင် ထီးချိုင့်မြို့ပေါ်၌ တိုက်ပွဲများ ငြိမ်သက်နေပြီး စစ်ကောင်စီက ၎င်းတို့၏ စစ်တပ်ကုန်းများ၌ နေရာယူထားကာ မြို့ပေါ်ရပ်ကွက်များ၌လည်း စစ်ကြောင်းအချို့ ရှိနေကြောင်း သိရသည်။  

အမျိုးသားညီညွှတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်သည့် သတင်းတွင် ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖော်ပြထားသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly