ပြည်မြို့တွင် ဧရာဝတီမြစ်ရေကြီးမှုကြောင့် အိမ်ခြေ ၆၀၀ ခန့် ရေဝင်ရောက်မှုဖြစ်

ပြည်မြို့တွင် ဧရာဝတီမြစ်ရေကြီးမှုကြောင့် အိမ်ခြေ ၆၀၀ ခန့် ရေဝင်ရောက်မှုဖြစ်

ဇူလိုင်လ ၁၆ရက်၊ ။            ။ ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့၊ ဧရာဝတီမြစ်ရေကြီးမှုကြောင့်  နဝင်းရပ်ကွက် အတွင်းရှိ အိမ်ခြေ ၆၀၀ ခန့်ရေဝင်ရောက်မှုရှိကြောင်း ဇူလိုင်လ ၁၆ ရက်တွင် အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

နဝင်းနယ်မြေ မာလကာကုန်းရပ်ကွက် မှ အိမ်ခြေ ၁၂၆ လုံး၊ ဘောဂရပ်ကွက် မှ အိမ်ခြေ ၉၁ လုံး ၊ နဝင်းမြောက် မှ အိမ်ခြေ ၁၁၉ လုံး၊ နဝင်း အလယ်မှ အိမ်ခြေ ၄၆ လုံး ၊ ဝါရုံတာရိုးမှ အိမ်ခြေ ၇၉ လုံး ၊ ရွှေပလ္လင်မှော်အောက်ချိုင့် မှ အိမ်ခြေ ၁၁၉ လုံး စုစုပေါင်း အိမ်ခြေ ၅၈၀ လုံးရေဝင်ရောက်မှုများ ရှိခဲ့သည်။

ဘောဂရပ်ကွက်မှ ရေဘေးသင့် အိမ်ထောင်စု ၃၀ ခန့် သည် နဝင်းချောင်းကူး တံတားချဉ်းကပ် လမ်းကုန်းမြင့် နေရာတွင် ယာယီတဲများထိုးပြီးနေထိုင် ကြပြီး ဝါရုံတာရိုးမှ အိမ်ထောင်စု ၅၃ ခုသည် နဝင်းတာရိုးပေါ်တွင် ယာယီတဲထိုးနေထိုင်လျှက်ရှိသည်။

ဇူလိုင် ၁၆ ရက်ညနေပိုင်းတွင် မာလကာကုန်း ၊ဘောဂ၇ပ်ကွက် ၊ နဝင်းမြောက်ပိုင်း၊ နဝင်းလယ်မှ အိမ်ထောင်စုများအတွက် ဝါဆိုဘုန်းတော်ကြီးကျောင်းတွင် ရေဘေး ကယ်ဆယ်ရေး စခန်း ဖွင့်လှစ်မည်ဟုလည်း သိရသည်။

“ခုညနေဝါဆိုကျောင်းကို ရွှေ့ဖို့ အစီအစဉ်ရှိတယ်။ ရွှေပလ္လင်မှော်အောက်ချိုင့် အတွက် ကတော့ ညှိနှိုင်းနေတုန်းဘဲ”ဟု နဝင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး စာရေးဖြစ်သူက ဆိုသည်။

ရွှေပလ္လင်မှော်ရပ်ကွက်မှ ရေဘေးသင့်ပြည်သူများ အတွက် ကယ်ဆယ်ရေးစခန်းဖွင့်ရန် နေရာမရသေးပေ။ ဒုက္ခသည်အချို့ကို နေ့ပိုင်းတွင် ရွှေပလ္လင်မှော်ဘုရားပေါ်၌ နေထိုင်နေသည်ကို တွေ့ရသည်။

ဇူလိုင်လ ၁၆ ရက် မနက် ၆ နာရီခွဲ တိုင်းတာရရှိချက်အရ ဧရာဝတီမြစ်ရေသည် ပြည်မြို့တွင် ၂၈၂၁ စင်တီမီတာ ရှိပြီး ၊ နေ့လည် ၁၂ နာရီ ခွဲတိုင်းတာရရှိချက်အရ ၂၈၂၃ စင်တီမီတာ ရှိပြီး စိုးရိမ်ရေ အမှတ်  ၂၉၀၀ စင်တီမီတာဖြစ်ကြောင်း ပြည်ခရိုင် မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနရုံးမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required