ပြည်မြို့သို့ စစ်ကောင်စီရာထူးအကြီးပိုင်း လာရန်ရှိသဖြင့် လုံခြုံရေးတင်းကျပ်

By ရွှေနွယ် (မဇ္ဈိမ)
17 August 2023
ပြည်မြို့သို့ စစ်ကောင်စီရာထူးအကြီးပိုင်း လာရန်ရှိသဖြင့် လုံခြုံရေးတင်းကျပ်
ပုံအညွှန်း - ပြည်မြို့တစ်နေရာ (ပုံဟောင်း)

ပဲခူးတိုင်း ၊ ပြည်မြို့သို့ စစ်ကောင်စီ၏ ရာထူးအကြီးပိုင်းလာရန်ရှိ၍ လုံခြုံရေးများတင်းကျပ်ချထားပြီး ဆိုင်ကယ်များကိုလည်း အစစ်အဆေးတင်းကျပ်နေကြောင်း ဒေသခံများမှ မဇ္ဈိမကိုပြောသည်။

ထိုသို့ စစ်ဆေး​ရေးတင်းကျပ်နေခြင်းမှာ ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့တွင် ပြည်မြို့သို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင် လာရန်ရှိသောကြောင့်ဟု သတင်းရရှိထားကြောင်း ပြည်ခရိုင်တော်လှန်ရေးအင်အားစုနှင့် Pyay Undergroung News - PUGN  အဖွဲ့မှ မဇ္ဈိမကိုပြောသည်။

"ကျွန်တော်တို့ကြားထားတာတော့ ဒီနေ့ မင်းအောင်လှိုင်လာဖို့ရှိလို့ တင်းကျပ်ထားတယ်ကြားတယ်။ သေချာတာတော့ ရာထူးအကြီးပိုင်းတစ်ယောက်လာဖို့ရှိတယ်။ မင်းအောင်လှိုင် ဟုတ်မဟုတ်ကို အတည်ပြုနေဆဲပါ။ သတင်းလည်း ဖုံးထားတော့" ဟု Pyay Undergroung News - PUGN  အဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် ဝက်ထီးကန်မြို့ ရဲသင်တန်းကျောင်းမှ သင်တန်းသားများကို အဝေးပြေးကား ငါးစီးဖြင့် လာရောက်ခေါ်ဆောင်သွားကာ ပြည်ဘက်သို့ထွက်ခွာသွားကြောင်း ဝက်ထီးကန်မြို့ဒေသခံဆီမှ သိရသည်။

“Express ကား( အဝေးပြေးကား) ငါးစီးချောဆွဲလာပုံပဲ။ ရဲပေါက်စတွေနေမယ်။ ပွိုင့်ကားက ရှေ့ကပြေးလို့ အပြေးမောင်းသွားတယ်” ဟု ဝက်ထီးကန်မြို့ဒေသခံထံမှ သိရသည်။

ပြည်မြို့တွင်လည်း ဆိုင်ကယ်များအား းရှောင်တခင်ဖမ်းဆီးစစ်ဆေးခြင်းနှင့် ဒဏ်ငွေရိုက်ခြင်းများ ယခုရက်ပိုင်းအတွင်းပိုမိုပြုလုပ်လာကြောင်းလည်းပြည်မြို့ဒေသခံများထံမှ သိရသည်။

“ ပြည်မြို့ပေါ်က နေရာတော်တော်များများတွင် ရဲ၊ စစ်သား၊ မော်တော်ပီကယ်ပေါင်းပြီး ဆိုင်ကယ်လိုင်စင်၊ ဦးထုတ်၊ ဘက်မှန်အကြောင်းပြ မတရားဖမ်းဆီးမှုတွေ ပြုလုပ်နေပါတယ်။ အပြည့်အစုံပါတဲ့ ဆိုင်ကယ်ဆိုရင်လည်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့မညီလို့ဆိုပြီး အကြောင်းမဲ့ သော့ဖြုတ်ယူကာ နီးစပ်ရာရဲစခန်းတွင် ဒဏ်ငွေ ၁၀,၀၀၀ ကျပ်ဆောင်ပြီးမှ ဆိုင်ကယ်ပြန်ရပါတယ်” ဟု Pyay Undergroung News - PUGN အဖွဲ့မှလည်း ထုတ်ပြန်ထားသည်။

ထို့ပြင် ပြည်မြို့အဝင်အထွက်ဂိတ်များတွင်လည်း အစစ်အဆေးတင်းကျပ်ထားပြီး ရွှေတောင်မြို့ဘက်မှ ပြည်မြို့သို့ဝင်သည့် ဆင်မကြပ်စစ်ဆေးရေးဂိတ်တွင် ပိုမိုတင်းကျပ်စစ်ဆေးနေကြောင်း ပြည်မြို့ဒေသခံမှပြောသည်။

"မနေ့ညနေက ပေါက်ခေါင်းမှာ အုပ်ချုပ်ရေးမှူးတစ်ယောက်တော့ ပစ်ခံရတယ်။ အဲ့တာနဲ့ဆက်စပ်လားဘာလားတော့မသိဘူး၊ အဝင်အထွက်အကုန်တင်းကျပ်ထားတယ်။ ဆင်မကြပ်ယာဉ်တန်းက ပိုဆိုးနေတယ်” ဟု ပြည်မြို့ဒေသခံတစ်ဦးမှ ပြောသည်။

ယနေ့ မွန်းလွဲ ၁နာရီ ၅၅ မိနစ်အချိန်ခန့်တွင် ပြည်မြို့ပေါ်၌ ဟယ်လီကော်ပတာတစီး ၁၅ မိနစ်ခန့်ပတ်၍ ပျံသန်းနေကြောင်းနှင့် ၂ နာရီ ၁၅ မိနစ်ခန့်တွင်လည်း ထပ်မံပျံဝဲနေသံကြားကြောင်း ပြည်မြို့ခံများထံမှ သိရသည်။

ပြီးခဲ့သည့် နှစ်ရက်ခန့်ကလည်း ပြည်မြို့သို့ လူကြီးလမ်းကြောင်းရှိ၍ဟုဆိုကာ ပြည်တမြို့လုံးကို အချိန်ပြည့်မီးပေးထားခဲ့ပြီး ယနေ့တွင်မူ တစ်မြို့လုံး မီးပျက်နေသည်ဟုလည်း ပြည်မြို့ဒေသခံတချို့မှ ဆိုသည်။

“တယောက်ယောက်တော့ ပြည်ရောက်နေတာသေချာတယ်။ သတင်းဖုံးထားလို့မသိရဘူး။ လာသလားပြန်သလားပေါ့ ထူးခြားနေတယ်။ မင်းအောင်လှိုင် ပြည်ဝင်ပြည်ထွက် ယတြာလာလုပ်ပြန်ပြီလားမသိ” ဟု ပြည်မြို့ခံတစ်ဦးမှဆိုသည်။

ထိုသို့ ပြည်မြို့တွင် အစစ်အဆေးနှင့် လုံခြုံရေးတင်းကျပ်နေခြင်းတို့နှင့်ပတ်သက်၍ အကြောင်းအရင်းအတိအကျကိုမူ မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required