ပြည်မြို့တွင် လူသတ်၍ ပစ္စည်းလုယက်မှုဖြစ်ပွား

By ရွှေနွယ် (မဇ္ဈိမ)
08 June 2023
ပြည်မြို့တွင် လူသတ်၍ ပစ္စည်းလုယက်မှုဖြစ်ပွား

ပဲခူးတိုင်း၊ ပြည်မြို့၊ အောင်ဆန်းပြည်သာယာရပ်ကွက်မှနေအိမ်တခုတွင် လူသတ်၍ ပစ္စည်းလုယက်မှု ဖြစ် ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပါရမီမှတဆင့် သိရသည်။

အောင်ဆန်းပြည်သာယာရပ်ကွက် (၃) လမ်းထိပ်၊ ဟိုတယ်ခေတ္တရာအနီးရှိ နေအိမ်တခုတွင် ယနေ့ ဇွန်လ ၈ ရက် ညနေ ၄ နာရီခန့်က အမျိုးသမီးတဦးအားသတ်ဖြတ်မှုဖြစ်ခဲ့ခြင်းဟုဆိုသည်။

အခင်းဖြစ်ပွားရာနေအိမ်တွင် သေဆုံးသူအမျိုးသမီးနှင့် ကျောင်းနေအရွယ်ကလေးငယ်တဦး နေထိုင်နေခြင်းဖြစ်ပြီး သမီးဖြစ်သူကျောင်းမှပြန်ရောက်သည့်အခါ မိခင်ဖြစ်သူအမျိုးသမီးကို ရေချိုးခန်းအတွင်း သေဆုံလျှက် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပါရမီမှ သွားရောက်ကူညီကယ်ဆယ်ရာတွင် သတ်ဖြတ်ခံထားရသည် ကိုတွေ့ရှိရ၍ ရဲစခန်းအားအကြောင်းကြားကာ ရဲမှုခင်းအဖြစ် အမှုဖွင့်ဆောင်ရွက်ခဲ့ကြောင်း ပြောသည်။

“ဖုန်းဆက်အကြောင်းကြားလာတော့ ရေချိုးခန်းအတွင်းချော်လဲတာဆိုလို့ သွားလိုက်တာ။ ဟိုရောက်တော့ စစ် ဆေးကြည့်မှ နားထဲကလည်း သွေးတွေထွက်တယ်။ ဒဏ်ရာတွေနဲ့ လည်ပင်းတွေမှာလည်း ညစ်ထားသလို အညို အမည်းဒဏ်ရာတွေနဲ့ တရွတ်တိုက် ဆွဲသွားသလိုတွေလည်း တွေ့ရတယ်" ဟု သွားရောက်ကူညီကယ်ဆယ်ခဲ့သည့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပါရမီအဖွဲ့မှ တာဝန်ရှိသူတဦးကပြောသည်။

သေဆုံးသူအမျိုးသမီးမှာ အသက် (၃၀) ကျော်အရွယ်ဖြစ်ပြီး သတ်ဖြတ်လုယက်မှုကျူးလွန်သူမှာ မည်သူမည်ဝါ ဖြစ် ကြောင်း မသိရှိရသေးဘဲ ဆုံးရှုံးခဲ့သည့် ပစ္စည်းတန်ဖိုးစာရင်းကိုလည်း မရရှိသေးကြောင်း ပြောသည်။

အိမ်အတွင်းရှိ ဗီဒိုများအားဖွင့်ထားကာ ပစ္စည်းများ၊ အိတ်များမှာလည်း ခြေရာလက်ရာ ပျက်ယွင်းနေသည့်အတွက် လူသတ်၍ ဖောက်ထွင်းယူဆောင်သွားခြင်းဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။

သေဆုံးသူအမျိုးသမီး၏ရုပ်အလောင်းအား ခေတ္တရာလူငယ်များ သာရေးနာရေးကူညီပံ့ပိုးမှုအသင်းမှ မော်တော် ယာဉ်ဖြင့် ပြည်ဆေးရုံကြီး၊ ရင်ခွဲရုံသို့ စစ်ဆေးရန်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်ကာလအတွင်း မြန်မာနိုင်ငံအဝှမ်း၌ လုယက်မှု၊ ဓားပြတိုက်မှု၊ အနုကြမ်းစီး လူသတ်မှုများနှင့် ဖောက်ထွင်းမှုများ များစွာဖြစ်ပွားလျက်ရှိနေသည်။

ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့ နံနက် ၁ နာရီခွဲခန့်ကလည်း ပဲခူးတိုင်း လက်ပံတန်းမြို့ရှိ သိန်းသိန်းစတိုးဆိုင်တွင် နေအိမ်ဖောက်ထွင်းခံရပြီး ရွှေသုံးပိဿာနှင့် ငွေသားများပါသွားကြောင်း ဒေသခံများ၏ပြောဆိုချက်အရသိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required