ပြည်မြို့သို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရောက်ရှိ

By ရွှေနွယ်( မဇ္ဈိမ )
17 August 2023
ပြည်မြို့သို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရောက်ရှိ
ပုံအညွှန်း - ၂၀၂၂ က ပြည်မြို့သို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရောက်ရှိခဲ့စဥ် 

ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့သို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ရောက်ရှိလာသည်ဟု ပြည်မြို့ စစ်တပ်အသိုင်းအဝိုင်းထံမှ သိရကြောင်း Pyay Underground News(PUGN) တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ATR-72(0011) ဟု ယူဆရသည့် လေယာဉ်အဖြူရောင်ဖြင့် နေပြည်တော်မှ ပြည်မြို့သို့ရောက်ရှိလာခြင်းဖြစ်ပြီး Mi 35 ရဟတ်ယာဉ်မှ ကင်းပတ်နေပတ်ပေးနေကြောင်း ၎င်းမှဆိုသည်။

"ယတြာချေဖို့လာတယ်ကြားတယ်။ ဘယ်လောက်ကြာမယ်မသိရသေးဘူး။ နေဦးမယ်ထင်တယ်။ ပြီးခဲ့တဲ့ တခေါက်ကလာတာတော့ ညဘက် သူဘုရားဖူးဖို့ ရွှေဆံတော်ဘုရားကို အကုန်ပိတ်သေးတယ်" ဟု Pyay Underground News-PUGN တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက်မည်ဖြစ်သောကြောင့် ပြည်မြို့တွင် လုံခြုံရေးတင်းကျပ်ထားကြောင်းနှင့် ယနေ့မွန်းလွဲပိုင်းတွင် လေယာဉ်၊ ရဟတ်ယာဉ်ပျံဝဲသံများကြားရကြောင်း ပြည်မြို့ဒေသခံများမှလည်းပြောသည်။

ထို့ပြင် အကြမ်းဖက်အထူးနှိမ်နင်းရေးတပ်ဖွဲ့မှ မြေပြင်တွင်လုံခြုံရေးအပြည့်ယူထားကြောင်းလည်းသိရသည်။

ဗိုလ်ချုပ်မှူးကြီးသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းကလည်း ပြည်မြို့သို့ ရွှေဆံတော်ဘုရားဖူးမျှော်ရန်ဟုဆိုကာ ရောက်ရှိလာခဲ့သေးသည်။

၎င်းပြည်သို့ရောက်ရှိနေခြင်းမှာ အခြားအကြောင်းကိစ္စအထွေအထူးမရှိနိုင်ဘဲ ဘုရားဖူးရန်နှင့် ယတြာချေရန်သာဖြစ်နိုင်သည်ဟု မြို့ခံအချိုု့မှလည်းသုံးသပ်ကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly