ပြည်မြို့စည်ပင်ကော်မတီရွေးပွဲ မဲစာရင်းမပါသူ များပြားပြီး မဲပေးသူဦးရေနည်းပါး

ပြည်မြို့စည်ပင်ကော်မတီရွေးပွဲ မဲစာရင်းမပါသူ များပြားပြီး မဲပေးသူဦးရေနည်းပါး
ရွာဘဲရပ်ကွက် မူယာပင်နယ်မြေ အခြေခံပညာအထက်တန်းကျောင်းခွဲမဲရုံတွင်မဲစာရင်းကြည့်ရှုနေစဉ်

ရန်ကုန်၊ မေလ ၂၁ ။            ။ ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် မေလ ၂၁ ရက်က ပြုလုပ်သည့် အရပ်ဘက်စည်ပင်သာယာရေး ကော်မတီ ရွေးချယ်ပွဲ (ရပ်ကွက်/ကျေးရွာအဆင့်)တွင် မဲစာရင်းမပါသူ အများအပြား ရှိခဲ့ပြီး လာရောက်မဲပေးသူအရေအတွက် အလွန် နည်းပါးကြောင်း သိရသည်။

“ပြဿနာက မိဘတွေ မလာနိုင်လို့ သားသမီးတွေလာတယ်။ မဲပေးလို့မရဘူး။ အဲဒါနဲ့ ပြန်သွားတဲ့လူတွေ အများကြီးဘဲ ။ နောက်ပြီးမဲစာရင်းမှာမပါတဲ့လူတွေ ၊ အိမ်ထောင်စု ဇယားမပါတဲ့လူတွေ ၊ ရပ်ကွက်ထဲမှာနေပြီး အိမ်ထောင်စုဇယားရှိတယ်။ မှတ်ပုံတင်ရှိတယ် ။ မဲစာရင်းမှာမပါတာတွေ အဲ့လိုတွေဖြစ်နေတယ်” ဟု ရွာဘဲ ကြံတောကုန်းရပ်ကွက် နေသူ ကိုမျိုးမင်းနိုင် က ပြောသည်။

 “တပ်မတော်က အငြိမ်းစားယူပြီး ဒီကို ရောက်လာတာ ဆယ့်ခြောက်နှစ်ရှိပြီ။ အခုမဲစာရင်းပေးဖို့ အိမ်ထောင်စုဇယား ရှိတယ်။ မှတ်ပုံတင်ရှိတယ်။ ရပ်ကွက်က အိမ်ထောင်စုဇယားမှာ ကျွန်တော်တို့ မရှိဘူး။ အဲဒါ ဘာကြောင့် မရှိတာလဲ။ ကျွန်တော်တို့သိချင်လို့ လာတာပါခင်ဗျ”ဟု မဲစာရင်းတွင်မပါသူ ရွာဘဲ ဗိုလ်တစ်ထောင် အပိုင်း(၁)ရပ်ကွက်  နေသူ ဦးစိန်ဌေးက ဆိုသည်။

 ပြည်မြို့ ရပ်ကွက်/ကျေးရွာအုပ်စု ၁၅ ခုတို့တွင် နယ်မြေတစ်ခုလျှင် ကိုယ်စားလှယ်သုံးဦး ရွေးချယ်ရန် မဲရုံများ ပြုလုပ်ခဲ့သည်။ ထိုနေ့က ပြည်မြို့ပေါ် ရွာဘဲရပ်ကွက် တွင် မဲရုံ သုံးခု ၊ ရွှေတံခါးရပ်ကွက် တွင် မဲရုံ တစ်ခု ၊ ခေတ္တရာမြို့သစ် ရပ်ကွက်တွင် မဲရုံ နှစ်ခု ၊ နဝဒေးရပ်ကွက်တွင် မဲရုံ တစ်ခု ၊ ဆင်စုရပ်ကွက်တွင် မဲရုံ တစ်ခု စုစုပေါင်း ရပ်ကွက်ကြီး (၅)ခု အတွက် မဲရုံ( ၈ )ခု ဖွင့်လှစ်ခဲ့သည်။

 ကျန်နယ်မြေများတွင် ကိုယ်စားလှယ်လောင်းလျောက်ထားသူ (၃)ဦးထက်မပိုသည့်အတွက် မဲရုံပြုလုပ်ယှဉ်ပြိုင်ခြင်းမရှိခြေ။ပြည်မြို့နယ် အရပ်ဖက်  စည်ပင်ကော်မတီ  (၃)ဦးကို မေလ ၂၆ ရက်နေ့တွင် အပြီးသတ်ရွေးချယ်မည်ဖြစ်သည်။

 “ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ရာအိမ်မှူး ဆယ်အိမ်မှူးတွေ က အစ မဲစာရင်းကောက်တာတွေ ပုံစံနည်းစနစ်မကျသေးဘူး။ တစ်ချို့ကြတော ကောက်တော့ကောက်တယ်။ လူမရှိတော့ နောက်တစ်ခေါက်ပြန်မသွားတော့ဘူး။ လိုအပ်ချက်လေးတွေ အားလုံးမှာ ဒီအတိုင်း ရှိနေတယ်”ဟု ရွှေတံခါးရပ်ကွက်မှ ရွေးချယ်ခံကိုယ်စားလှယ်လောင်း ကိုစန်းယုမောင်က ပြောသည်။

 

 

နေ့လည် ၁၂ နာရီအထိ ကျန်မဲရုံများတွင်မဲပေးသူ တစ်ရာဝန်းကျင်သာရှိခဲ့သော်လည်း ခေတ္တရာမြို့သစ် ရပ်ကွက် မဲရုံ ၁ တွင်  ၃၀၀ နီးပါး ၊ မဲရုံ ၂ တွင် ၄၀၀ ကျော် ၅၀၀နီးပါး လာရောက်မဲပေးခဲ့သည်။ မဲစာရင်းကျန်ခဲ့သည့် ပြသနာ မရှိသော်လည်း မဲပေးသူ အရေအတွက် နည်းပါး သည်ဟုလည်း ၎င်းရပ်ကွက်မဲရုံ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မဲကျန်ခဲ့လို့ လာပြောတဲ့သူ မဲမပေးရတဲ့သူတို့ ဘာတို့ တော့ဒီမှာမရှိပါဘူူး။ ကျွန်တော်တို့မှာ စလုပ်ကတည်းက စနစ်တကျ မဲစလစ်ကလေးတွေပေးထားတယ်။ ပေးထားတဲ့စလစ်ကလေးတွေနဲ့ မဲစာရင်းကြည့်ပြီး မဲပေးခိုင်းလိုက်ရုံဘဲ”ဟု ခေတ္တရာမြို့သစ်မဲရုံတာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပဲခူးတိုင်းစည်ပင်သာယာ ရွေးချယ်ပွဲနည်းဥပဒေအရ မဲစာရင်းမပါသူများကို ရွေးကောက်ပွဲနေ့မတိုင်မီ သုံးရက် အထိ နောက်ဆက်တွဲ စာရင်းများထည့်ပေးနိုင်ပြီး ရွေးကောက်ပွဲနေ့တွင် နောက်တိုးစာရင်း ထည့်ပေး၍မရကြောင်း ပြည်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောသည်။

“မဲစာရင်းလဲရပ်ကွက်တိုင်းမှာသူတို့ ကြေညာပါတယ်။ စပီကာနဲ့လည်း အော်ပါတယ်။ အဲ့အချိန်တုန်းက စိတ်ဝင်စားမှု နည်းကောင်းနည်းလို့ သွားမကြည့်တာ ရှိမှာပေါ့ ဗျာ။ အခုဟာက မဲစွယ်စည်းရုံးလို့ ထည့်ချင်တဲ့သူတွေရှိရင် ရှိနိုင်ပါတယ်။ နည်းဥပဒေမှာပြောထားတာက ရွေးကောက်ပွဲမတိုင်ခင် သုံးရက်အလိုမှာ လာပြောရင် ထည့်ပေးလို့ ရတယ်။ ရွေးကောက်ပွဲလုပ်တဲ့နေ့မှာ ထည့်ပေးလို့ မရတော့ဘူး”ဟု ဦးအောင်မြင့်က ဆိုသည်။

မဲပေးသူဦးရေနည်းပါးသော်လည်း နည်းဥပဒေအရ အရေအတွက် ၊ ရာခိုင်နှုန်း ကန့်သတ်မှု မရှိသဖြင့် ရွေးချယ်မှုရလဒ်သည် အတည်ဖြစ်သည် ဟုလည်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required