ရေခမ်းခြောက်မှု ရခိုင်ကျေးရွာအမြောက်အမြား ကြံုတွေ့ရနိုင်ကြောင်းခန့်မှန်း

ရေခမ်းခြောက်မှု ရခိုင်ကျေးရွာအမြောက်အမြား ကြံုတွေ့ရနိုင်ကြောင်းခန့်မှန်း
ဓာတ်ပုံ - မင်းမျိုးနွယ်/RiA

စစ်တွေ၊ ဧပြီ ရ ရက်။           ။ ရခိုင်ပြည်နယ်သည် ယခုကဲ့သို့နွေရာသီသို့ရောက်တိုင်း ရေခမ်းခြောက်မှုပြဿနာကို တစ်ပြည်လုံး အတိုင်းအတာဖြင့် ရင်ဆိုင်ကြံုတွေ့နေကြရသည့် ပြည်နယ်တစ်ခုဖြစ်ရာ ယခုနှစ်တွင် ရာသီဥတုအပူရှိန် မြင့်မား နိုင်သည့်အတွက် သောက်သုံးရေ ခမ်းခြောက်မှုကို ကြံုတွေ့ရမည့် ကျေးရွာများ မှာလည်း များပြားလာနိုင်ခြေ ရှိနေ ကြောင်း ရခိုင်ပြည်နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက ပြောသည်။မတ်လနှင့် ဧပြီလအတွင်း ရခိုင်ပြည်နယ်အတွင်း ခန့်မှန်းခြေအားဖြင့် ကျေးရွာပေါင်း ၁၆၀ ကျော်ခန့်တို့မှာ သောက်သုံးရေ လိုအပ်လျှက်ရှိသည့်အတွက် ဌာနအနေဖြင့် နည်းလမ်းသစ်များကိုအသုံးပြုကာ အခက်အခဲ ရှိသည့် ကျေးရွာများသို့ သောက် သုံးရေး ရောက်ရှိရေးအတွက် ဆောင်ရွက်ပေးလျှက်ရှိနေကြောင်းလည်း သိရသည်။

“ဧပြီလထဲမှာ ရေရှာားနိုင်မယ့်ကျေိးရွာတွေကို ကျွန်တော်တို့ ခန့်မှန်းထားတာရှိပါတယ်။ ကျေးရွာပေါင်း ၁၁၂ ရွာပါ။ ရေဂါလံပေါင်း ၅၂.၈၂ သိန်းကျော်လိုအပ်မယ်လို့ တွက်ချက်ထားပါတယ်။ ရေလိုအပ်ချက်ကတော့ ဒီနှစ်မှာ အရင်နှစ်တွေကထက် ပိုများလာနိုင်တဲ့သဘောရှိပါတယ်။ ရာသီဥတုပိုပြီးတော့ ပြင်းထန်တဲ့အပေါ်မှာမူတည်ပါတယ်”ဟု ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မြတ်ထွန်းက ပြောသည်။

ယင်းအပြင် ရခိုင်ပြည်နယ်အတွင်း မတ်လတွင် ကျေးရွာပေါင်း ၅၁ ရွာကို သောက်သုံးရေဖူလုံရေးအတွက် အကူအညီများပေးခဲ့ရပြီး ယခုဧပြီလအတွင်းတွင် မြို့နယ်ပေါင်း ၁၆ မြို့နယ်အတွင်းမှ ကျေးရွာပေါင်း ၁၁၂ ရွာကို အကူအညီပေးနိုင်ရေးအတွက် လျာထားရှိကာ လက်ရှိခန့်မှန်းထားသည့်အအနေအထားထက် လိုအပ်ချက်မှာ မြင့်မားလာနိုင်သည့် အခြေအနေဖြစ်နေကြောင်းသိရသည်။

“ကျွန်တော်တို့ ဌာနအနေနဲ့တော့ ရေရှားပါးတဲ့ကျေးရွာတွေကို အဓိကထားပြီးအကူအညီပေးရမယ့် ထဲမှာထည့်သွင်းစဉ်း စားပါတယ်။ ရေအကူအညီပေးတဲ့နည်းစနစ်တွေကတော့ နည်းလမ်းပေါင်းစုံကို အသုံးပြုပါတယ်။ ရေကန်လိုအပ်ရင် ကန်တူးတယ်။ ရေတွင်းလိုရင် ရေတွင်းတူးပေးသလို တချို့နေရာတွေမှာဆိုရင် စိမ့်စမ်းရေသွယ်စနစ်တို့ မြစ်ရေတင် စနစ်တို့ကို အများဆုံးလုပ်ပေးပါတယ် ”ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ယခုလအတွင်း ရေရှားပါးမှုနှင့် ရင်ဆိုင်ရမည့်အခြေအနေနှင့် ကြံုတွေ့နေရသော ကျေးရွာ ၁၁၂ ရွာအနက် အများဆုံး မှာ ဂွမြို့နယ်အတွင်ဖြစ်ပြီး မေလတွင်လိုအပ်လာမည့် ကျေးရွာများမှာ ယခုထက် ပိုမိုများပြားလာမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း သောက်သုံးရေဖူလုံစွာရရှိရေးအတွက် ကူးညီဆောင်ရွက်ပေးမှုများတွင် မတ်လအတွင်း ၁၅ ဒသမ ၀၀၃ သန်း သုံးစွဲရန်တွက်ချက်ထားခဲ့သော်လည်း ဧပြီလ ၆ ရက်နေ့အထိ သုံးစွဲခဲ့ရသည့် ငွေပမာဏမှာ ၉ ဒသမ ၃၇၂ သန်းခန့်သာရှိခဲ့ကြောင်းနှင့် ယခုလအတွင်း  ၂၄ ဒသမ ၄၃၆၄ သန်း ထိသုံးစွဲရန် တွက်ချက်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly