မြောင်းမြကိုယ်စားလှယ်အဆိုအား တရားရုံးသူကြီးချုပ်မှ လွှတ်တော်တွင် ဆွေးနွေးရန်မသင့်ဟု ကန့်ကွက်

မြောင်းမြကိုယ်စားလှယ်အဆိုအား တရားရုံးသူကြီးချုပ်မှ လွှတ်တော်တွင် ဆွေးနွေးရန်မသင့်ဟု ကန့်ကွက်

ပုသိမ်၊ ဖေဖော်ဝါရီ ၂ ။            ။ မြောင်းမြမြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ်မှ တင်သွင်းသည့်အဆိုအား တရားသူကြီးချုပ်က  ကန့်ကွက်ကြောင်းနှင့် အဆိုအား လွှတ်တော်တွင်   ဆွေးနွေးရန်မသင့်ကြောင်း ကန့်ကွက်ခဲ့သည်။

တရားသူကြီးအချို့၏ အဂတိလိုက်စားမှုများကို တိုက်ဖျက်၍ မှန်မှန်ကန်ကန် စီရင်ချက်ချမှတ် စီရင်နိုင်ပါရန် တရားရေးကဏ္ဍကို ထိန်းကျောင်းတည့်မတ်ပေးရေး တိုက်တွန်းကြောင်း အဆိုအား   မြောင်းမြမြို့နယ်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးက တိုင်းဒေသကြီးလွှတ်တော်တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် တင်သွင်းခဲ့သည်။

အဆိုအား တိုင်းတရားသူကြီးဦးသန်းထွန်းက "ဘက်လိုက်တယ်၊ တရားမျှတမှုမရှိဘူး၊ ဆုံးဖြတ်ချက်မမှန်ဘူး၊ တရားစီရင်ရေး မဏ္ဍိုင် ယိမ်းယိုင်နေတယ် သုံးနိုင်ပါတယ်။ လွှတ်တော်ကို တင်ပြလိုတာက နာမည်ဆိုး ဆိုတဲ့စကားလုံးကို အဆိုက ထုတ်ပေးဖို့ တင်ပြအပ်ပါသည်”ဟု ဧရာဝတီတိုင်းဒေသကြီး တရားသူကြီးချုပ်ဦးသန်းထွန်းက လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

မြောင်းမြမြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးက လွှတ်တော်တွင် " ကျွန်မတို့ ကိုယ်စားလှယ်တွေထံမှာ လာရောက်တိုင်ကြားခံရမှုများသော ဌာနမှာ တရားရုံးများ ဖြစ်သည်။ တရားရုံးများတွင် တရားသူကြီးများသည် ၎င်းတို့၏ စာရေးများနှင့် အမှုသည်များ၏ ရှေ့နေများနှင့် ပူပေါင်းလာဘ်ပေးလာဘ်ယူမှုများ၊ ပေါင်းစားမှုများရှိနေတာကို ကြားသိနေကြောင်း၊ အမှုသည်ထံ တိုက်ရိုက် တောင်းခံခြင်းမရှိသည့်အတွက် အဂတိလိုက်စားမှုကို ဖော်ထုတ်ရန် ခဲယဉ်းနေသည်။ ပေးနိုင်က တစ်မျိုး၊ မပေးနိုင်က တစ်မျိုး၊ အမိန့်ကို အမျိုးမျိုးချလျက် လုပ်ဆောင်မှုများစွာ ရှိနေပါတယ်ဆိုတာ ပြည်သူအများ တိုင်ကြားမှုများအရ သိရှိနေပါတယ်” ဟု  အဆိုရှင်က လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

ယင်းအဆိုနှင့် ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရက ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် လွှတ်တော်တွင် သဘောထားအားတင်ပြရန်ဆုံးဖြတ်ခဲ့သည်။

တရားရုံးဆုံးဖြတ်မှုအား  မကျေနပ်ပါက ထပ်မံတိုင်ကြားမှုများရှိနိုင်ကြောင်း ဧရာဝတီတိုင်း၊ တရားသူကြီးချုပ်ဦးသန်းထွန်းက လွှတ်တော်တွင် ပြောသည်။

"တရားရုံးဆုံးဖြတ်ချက်က တစ်ဘက်နိုင်ရင် တစ်ဘက်ကရှုံးမယ် ။ အဲဒီလိုဖြစ်တယ်အခါမျိုးမှာ အနိုင်ရတဲ့ဘက်က ဝမ်းပန်းတသာဖြစ်ပြီး ရှုံးတဲ့ဘက်က ကျေနပ်ဖို့တော့ ခက်ခဲပါတယ်။ အမှုရှုံးတဲ့ဘက်က တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လက်ခံဖို့ ခဲယဉ်းလို့၊ သူအနိုင်ရလိုတဲ့ဆန္ဒကို အားကိုးတကြီးနဲ့ လိုက်တိုင်ပါတယ်။ အောက်ရုံးက ဆုံးဖြတ်ချက်ကို မကျေနပ်လို့ ကျွန်တော်လည်း လာတိုင်တယ်။ ကျွန်တော်တို့ထက် မြင့်တဲ့နေရာတွေလည်း တိုင်တယ် ။ ကိုယ်စားလှယ်တွေလည်း လိုက်တိုင်တယ်။ ဝန်ကြီးချုပ်တို့ နယ်ဆင်းလည်း တိုင်တယ်”ဟု ဧရာဝတီတိုင်း၊ တရားသူကြီးချုပ်ဦးသန်းထွန်းက   ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required