လေးကေ့ကော်တွင် ဖမ်းဆီးခံရသည့် မြောင်းမြလွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်အား ဘားအံထောင်မှ မြောင်းမြထောင်သို့ ပြောင်းရွှေ့ 

By မင်းထက် (မဇ္စျိမ)
23 March 2023
လေးကေ့ကော်တွင် ဖမ်းဆီးခံရသည့် မြောင်းမြလွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်အား ဘားအံထောင်မှ မြောင်းမြထောင်သို့ ပြောင်းရွှေ့ 

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၊ လေးကေ့ကော်မြို့သစ်တွင် ဖမ်းဆီးခံခဲ့ရသည့် မြောင်းမြမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်အား စစ်ကောင်စီက ဘားအံထောင်မှ မြောင်းမြထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်းသိရသည်။ 

ဘားအံအကျဉ်းထောင်တွင် ချုပ်နှောင်ထားသည့် ဦးဝေလင်းအောင်ကို မြောင်းမြအကျဉ်းထောင်သို့ မတ်လ ၂၀ ရက်နေ့က ပြောင်းရွှေ့လိုက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ 

" မြဝတီတရားရုံးက ထောင်ဒဏ် ၂၆ နှစ်ချပြီး ဘားအံထောင်မှာထားထားသေးတယ်။အခုမှ မြောင်းမြထောင်ကိုပို့လိုက်တာပါ။ကိုဝေလင်းအောင် ကျန်းမာရေးကောင်းတယ်လို့ သိရပါတယ်"ဟု ဦးဝေလင်းအောင်နှင့် နီးစပ်သူတဦးက မဇ္ဈိမကိုပြောသည်။ 

ဦးဝေလင်းအောင်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က)၊ပုဒ်မ ၅၀(ည)ဖြင့်  ထပ်မံတရားစွဲဆိုထားကြောင်း ၎င်းက အသိပေးသည်။ 

ဦးဝေလင်းအောင်သည် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုနှင့် ရဲများက လိုက်လံဖမ်းဆီးနေသည့်အတွက် KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေတွင် ရှောင်တိမ်းနေခဲ့သည်။ 

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်အတွင်း စစ်ကောင်စီတပ်များဝင်ရောက်စီးနင်းပြီး  ဦးဝေလင်းအောင်အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂၀ ဦးခန့်ကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ ဦးဝေလင်းအောင်အပါအဝင်ဖမ်းဆီးခံရသူများကို မြဝတီမြို့အစွန်ရှိ စစ်ကြောရေးတနေရာ၌ တလနီးပါးကြာ စစ်ကောင်စီတပ်က စစ်ဆေးခဲ့ကြောင်း သိရသည်။ 

ထို့နောက် ဦးဝေလင်းအောင်ကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂(က)၊ ၅၀(က)၊ ၅၀(ည) ၊နိုင်ငံတော်ပုန်ကန်မှု ဥပဒေပုဒ်မ ၁၂၂ ဖြင့် တရားစွဲပြီး၂၀၂၂ ခုနှစ် နိုဝင်ဘာ လ ၂၈ ရက်နေ့တွင် ထောင်ဒဏ် ၂၆ နှစ်ချမှတ်ခဲ့သည်။ ယခုအခါ မြောင်းမြအကျဥ်းထောင်သို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူမျာ၊ NLD ပါတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များကို စစ်ကောင်စီက အကြောင်းမဲ့လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေသည်။ ၎င်းတို့ဖမ်းဆီးမည့်သူကို မတွေ့ပါက မိသားစုဝင်များကိုဖမ်းဆီးခြင်း၊ နေအိမ်ချိပ်ပိတ်ခြင်းများလည်း ပြုလုပ်လျှက်ရှိသည်။

စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူပြီးချိန်မှစ၍ ဇန်နဝါရီလ ၅ရက်အထိ  ဥပဒေမဲ့မတရားဖမ်းဆီးထိမ်းသိမ်းခံထားရသူ စုစုပေါင်း ၁၂,၆၇၀ ဦး ရှိရာ ၃၇၅၈ ဦး ပြန်လည်လွတ်မြောက်လာပြီး ၉၈၁၂ ဦးကျန်ရှိရာတွင် လွှတ်တော်ကိုယ်စားလှယ် ၈၀ ဦး အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၁,၂၃၂ ဦးပါ‌ဝင်ကြောင်း၊ ဖမ်းဆီးထားစဉ်အတွင်းနှင့် အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၃,၃၄၆ ဦးရှိရာတွင် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် ၈၄ ဦး ပါဝင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဗဟိုအလုပ်ကော်မတီက ဇန်နဝါရီ ၂၉ရက်တွင် ထုတ်ပြန်ထားသည်။ထို့အပြင်နေအိမ်အပါအဝင် ပိုင်ဆိုင်မှုများ ချိပ်ပိတ်သိမ်းဆည်းခံရသူ ၆၀၅ ဦးရှိရာတွင် လွှတ်တော်ကိုယ်စားလှယ် ၂၀၆ ဦး၏ ပိုင်ဆိုင်မှုများပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ၃၇၁ ဦးတို့၏ ပိုင်ဆိုင်မှုလည်း ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း - မောင်ကြီး 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required