တစ်နိုင်ငံလုံး တိုက်ပွဲများ ရပ်ဆိုင်းရန် မြစ်ကြီးနား ကချင်လူထု သောင်းချီ လမ်းလျှောက်ဆန္ဒဖော်ထုတ်

တစ်နိုင်ငံလုံး တိုက်ပွဲများ ရပ်ဆိုင်းရန် မြစ်ကြီးနား ကချင်လူထု သောင်းချီ လမ်းလျှောက်ဆန္ဒဖော်ထုတ်
ဓာတ်ပုံ-တန်ဂွန်း
 

အောက်တိုဘာလ ၆ ရက် ချင်းမိုင်(မဇ္ဈိမ)။       ။ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရပ်ဆိုင်းရန် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အောက်တိုဘာလ ၆ ရက်တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့သည်။ နံနက် ၈ နာရီမှ ၁၂ နာရီချိန်အထိ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်းတွင် လူစုဝေး၍ ဆုတောင်းဝတ်ပြုမှု ပြုလုပ်ကာ မနောကွင်းမှ မြစ်ကြီးနားမြို့ပေါ် ကားလမ်းများအတိုင်း ကချင်ပြည်နယ်အတွင်းနှင့် မြန်မာတစ်နိုင်ငံလုံးတွင် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ရပ်ဆိုင်းရန်နှင့် ၂၁ ရာစုပင်လုံ နိုင်ငံရေးဆွေးနွေးပွဲ အောက်မြင်ရေးအတွက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်၍ လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

“ထိုးစစ်ဆင်မှု ရပ်ဖို့ တောင်းဆိုတယ်။ နောက်တခုက ဖက်ဒရယ် ပြည်ထောင်စု အမြန်တည်ဆောက်ဖို့တွေ တောင်းဆိုတယ်၊ ကျနော်တို့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဘဲ ဆိုင်းဘုတ်တွေ ကိုင်တယ်။ ကျနော်တို့ တောင်းဆိုလိုတာတွေ ပြောတယ်။ အဲဒါကို နောက်ကနေ လူထုကလိုက်ပြောတယ်”ဟု ကချင်အတိုင်ပင်ခံကောင်စီ WMRမှ အထွေထွေအတွင်းရေးမှူး ဦးဂမ်အောင်က ပြောသည်။

“နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး” “စစ်ပြေးရှောင်များ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး” “ကချင်ပြည်နယ်တွင် ဖက်ဒရယ်စနစ်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး” “ ပဋိပက္ခကို ဖြစ်ပေါ်စေသော အကြီးစား စီမံကိန်းများ ရပ်ဆိုင်းရေး” “ပဋိပက္ခအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ချက်ချင်းရပ်” စသည့် စာတမ်းများအား ကြွေးကျော်ခဲ့သည်။

လူထု စီတန်းလှည့်လည်မှုကို မနောကွင်းမှ တက္ကသိုလ်လမ်းမကြီး-သီတာမီးပွိုင့်-သခင်နတ်ဖေလမ်း-ဘီအိုစီထောင့်- တပင်ရွှေထီးလမ်း-အံတော်ရှင်မီးပွိုင့်(နာရီစင်)မှ ဆွမ်ပရာဘွမ်လမ်းမကြီး(အထက ၅) ကျောင်းဘေး-၆၃ ဧကလမ်း (မနောဥယဉ်လမ်း)မှ မနောကွင်းသို့ ပြန်လည် ဝင်ရောက်ကာ ၁၂ နာရီချိန်တွင် လူစုခွဲခဲ့ကြသည်။

လူထုဆန္ဒဖော်ထုတ်မှုတွင် ရဲတပ်ဖွဲ့များ လုံခြုံရေးအရ နှောက်ယှက် တားဆီးခြင်း မရှိခဲ့ဘဲ ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်နိုင်ခဲ့ သဖြင့် အောင်မြင်မှု ရရှိခဲ့ပြီး ပြည်သူလူထုအားလုံး စစ်မှန်သည့် ငြိမ်းချမ်းရေး လိုချင်ကြောင်း ပေါ်လွင်နေသည်ဟု ဦးဂမ်အောင်က ပြောသည်။

“ကျနော်တို့ ပြည်သူလူထု လူက မျော်လင့်ထားတဲ့အတိုင်း အရမ်းများလာတယ်ဆိုတော့ ဘာဘဲဖြစ်ဖြစ် လူထုက စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုချင်တယ်။ ဆန္ဒရှိတယ်ဆိုတာ ပေါ်နေတယ်”ဟု သူက ပြောသည်။

လူထုစီတန်းလှည့်လည်ရန်အတွက် ခွင့်ပြုမိန့်တောင်းဆိုရာတွင် လူထု ၂၀၀၀၀ ခန့် ချီတက်ရန် တင်ပြခဲ့သော်လည်း ယနေ့တွင် လူထု အနည်းဆုံး ၃၀၀၀၀ ကျော် အမည်စာရင်းသွင်းခဲ့သည်ကို   တွေ့ရသည်ဟု ဦးဂမ်အောင်က ပြောသည်။

အောက်တိုဘာလ ၃ ရက်ကလည်း မြစ်ကြီးနားမြို့တွင် မနောကွင်းတွင် တပ်မတော်မှ ထိုးစစ်ဆင်မှုရပ်ဆိုင်းရန်အတွက် မနောကွင်းတွင် လူထုဆုတောင်းဝတ်ပြုမှု ပြုလုပ်ခဲ့ပြီး တနိုင်းမြို့တို့တွင်လည်း ပြည်သူလူထုများက လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required