အလုပ်ရမည်ဆိုကာ ငွေ ၁၂သိန်းတောင်းသည့် ပညာရေးဝန်ထမ်း(၂)ဦးအား တိုင်ကြား

အလုပ်ရမည်ဆိုကာ ငွေ ၁၂သိန်းတောင်းသည့် ပညာရေးဝန်ထမ်း(၂)ဦးအား တိုင်ကြား
(လေးမျက်နှာမြို့ရှိ ပညာရေးဝန်ထမ်းများနှင့် ဧရာဝတီတိုင်းလူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးတို့ တွေ့ဆုံစဉ်(ဓာတ်ပုံ- စည်သူမောင်မောင်/မဇ္ဈိမ)

ပုသိမ်(ဇွန်လ ၄ရက်၊ ၂၀၁၆)။ ။ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် ပညာရေးမှူးရုံးတွင် အလုပ်ရမည်ဟုဆိုကာ ငွေကျပ် ၁၂သိန်းတောင်းခံသည့် ပညာရေးဝန်ထမ်းနှစ်ဦးအား အရေးယူပေးရန် ဧရာဝတီတိုင်း၊ လူမှုရေးဝန်ကြီးထံ ဇွန်လ ၃ရက်တွင် တိုင်ကြားထားသည်။

လေးမျက်နှာမြို့နယ်၊ ဒေါင့်ကြီးအုပ်စု၊ ခုံကြီးကျေးရွာနေ ဦးအောင်ချိုလင်းက လူမှုရေးဝန်ကြီးထံ တိုင်ကြားထားခြင်းဖြစ်ပြီး တိုင်ကြားစာတွင် ၎င်း၏ ညီဖြစ်သူအား မြို့နယ်ပညာရေးမှူးရုံးတွင် ရေစက်မောင်းသည့်အလုပ်ရအောင်ဆောင်ရွက်ပေးမည်ဟု အလယ်တန်းပြဆရာမတစ်ဦးက ပြောဆိုကြောင်း၊ ယင်းနောက် မြို့နယ်ပညာရေးမှူးရုံးမှ
အကြီးတန်းစာရေးဖြစ်သူ ဦးအောင်ချိုက ငွေကျပ် ၁၂သိန်းပေးရန် လာရောက်ပြောဆိုသောကြောင့် ငွေကျပ် ၁၂သိန်းကို ပေးခဲ့ရသည်ဟု ဆိုထားသည်။

"စာရေးဦးအောင်ချိုက အလုပ်ရဖို့ ၁၂သိန်းပေးရမယ်ပြောတယ်။ ဆရာမ ဒေါ်နှင်းသီတာက ပိုက်ဆံလာပေးဖို့ ပြောတယ်။ အလုပ်မရလို့ ပြန်တောင်းတော့ မပေးဘူး။ ရိုးသားတဲ့သူတွေအပေါ်ကို အခုလိုလုပ်တာ ကျွန်တော်တို့ နစ်နာခဲ့တယ်။ အမှန်အတိုင်းဖြစ်စေချင်လို့ အခုလို တိုင်ကြားတာ" ဟု တိုင်ကြားသူ ဦးအောင်ချိုလင်းက မဇ္ဈိမကို ပြောသည်။

အဆိုပါ တိုင်ကြားမှုအပေါ် စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး မှန်ကန်ပါက စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ အရေးယူသွားမည်ဟုဧရာဝတီတိုင်း၊ ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဝင်းမောင်က ပြောသည်။

"ဒါကို စစ်ဆေးပြီး မှန်ကန်ရင် ဝန်ထမ်းစည်းမျဉ်းနဲ့ အရေးယူဆောင်ရွက်သွားမှာပါ" ဟု ဦးဝင်းမောင်က ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် လေးမျက်နှာမြို့နယ်၊ ပညာရေးမှူးရုံးထံ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly