ရန်ကုန်တိုင်းက လုပ်ငန်းလည်ပတ်မှုမရှိသည့် စက်မှုဇုန်မြေကွက်များကို ကွင်းဆင်းစစ်ဆေးကာ အရေးယူမည်

ရန်ကုန်တိုင်းက လုပ်ငန်းလည်ပတ်မှုမရှိသည့် စက်မှုဇုန်မြေကွက်များကို ကွင်းဆင်းစစ်ဆေးကာ အရေးယူမည်
ရန်ကုန်တိုင်း၊ သန်လျင်၊ ကျောက်တန်းမြို့နယ်က စက်မှုဇုန် မြေကွက်တစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ-မဇ္ဈိမ)

ရန်ကုန်၊ မေ ၂၆ ။              ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်များအတွင်း လုပ်ငန်းလည်ပတ်မှုမရှိသည့် မြေကွက်များကို ကွင်းဆင်းစစ်ဆေးကာ တိုင်းဒေသကြိး စိုးရအဖွဲ့ထံ တင်ပြ၍ အရေးယူသွားမည်ဟု လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များကို ၆လအတွင်း အကောင်အထည်ဖော်ခြင်းမရှိပါက ပြန်လည်သိမ်းယူမည်ဆိုသော ယခင်အစိုးရထုတ်ပြန်ခဲ့သော အမိန့်အတိုင်း ဆက်လက်အကောင်အထည်ဖော်ရန်ရှိမရှိ မေလ ၂၆ရက်က လွှတ်တော်တွင် မေးမြန်းမှုကို ဝန်ကြီးက ယခုကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

''တစ်ချို့က အမှန်တကယ် စက်ရုံတွေ တည်ဆောက်ပြီး လည်ပတ်နေတာရှိပါတယ်။ တချို့ဟာ သိမ်းမှာစိုးတဲ့အတွက် ဂိုဒေါင်များတည်ဆောက်ပြီး ပစ္စည်းတွေ သိုလှောင်တာတို့ ငှားစားတာမျိုးတွေ ရှိနေပါတယ်။ တချို့ မြေကွက်များကတော့ ဘာမှမလုပ်တဲ့ မြေကွက်လပ်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ စက်မှုဇုံများ စီမံခန့်ခွဲမှုနဲ့ ပတ်သက်၍ ကွင်းဆင်းစစ်ဆေးနေတာရှိပါတယ်။ အဲ့ဒီကွင်းဆင်းလေ့လာမှုတွေက ရတဲ့အချက်အလက်တွေနဲ့ ဆက်လက်ဆောင်ရွက်မယ့် အစီအစဉ်တွေကို ရန်ကုန်တိုင်းဒသကြီးအစိုးရအဖွဲ့ အစည်းအဝေးကို တင်ပြပြီးဆက်လက်ဆောင်ရွက်သွားပါမယ်" ဟု ဝန်ကြီးကဆိုသည်။

အဆိုရှင် ဦးတင့်လွင်က ''စက်မှုလုပ်ငန်းမလုပ်ကိုင်ဘဲ မြေကွက်တွေရယူထားပြီးတော့ မြေဈေးကစားပြီး အသုံးချနေတာတွေရှိတဲ့အတွက် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု အခက်အခဲရှိပါတယ်။ တကယ်တမ်းလုပ်နေတဲ့သူတွေကို အများကြီးနစ်နာစေတယ်။ ဒါကြောင့် ယခင်အစိုးရကနေပြီးတော့ ညွှန်ကြားချက်ချပြီးဆောင်ရွက်ခဲ့ပေမယ့် အောင်မြင်မှုမရှိခဲ့တာကို ယခုအစိုးရက ၆ လအတွင်း လုပ်ငန်းလုပ်ကိုင်ခြင်းမရှိရင် မြေများကို ပြန်သိမ်းမယ် ဆိုတာကို ပြန်လည်ဆောင်ရွက်ဖို့ ရှိမရှိ သိလိုပါတယ်'' ဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ဇုန်ကို ကွင်းဆင်းစစ်ဆေးရေး အဖွဲ့လေးဖွဲ့ဖြင့် မေလ ၁၉ ရက်မှ စတင်ကာ ကွင်းဆင်းစစ်ဆေးနေပြီ ဖြစ်ကြောင်း ဝန်ကြီး၏ ပြန်လည် ဖြေကြားချက်အရ သိရသည်။

ယင်းကဲ့ စစ်ဆေးလျက်ရှိရာ မေလ ၂၄ရက်နေ့အထိ လှိုင်သာယာ မြို့နယ်အတွင်းရှိ လှိုင်သာယာစက်မှုဇုန် (၁)မှ (၇) အထိ၊ ငွေပင်လယ် စက်မှုဇုန်၊ ရွှေလင်ဗန်းစက်မှု ဇုန်စသည့် ဇုန် ၉ခု တို့ကို စစ်ဆေးပြီးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required