Video Storytelling Workshop ပြုလုပ်မည်

Video Storytelling Workshop ပြုလုပ်မည်
ဓာတ်ပုံ- Nick Danziger

ရန်ကုန်၊ မေ ၈ ။              ။ ရုပ်ရှင်ဗွီဒီယိုအသုံးပြု၍ အဖြစ်အပျက်ဇာတ်လမ်းများ တင်ဆက်ခြင်းဆိုင်ရာ တတိယအကြိမ်မြောက်သင်တန်း (Video Storytelling Workshop) ကို မေ ၉ရက်နေ့မှ ၁၈ရက်နေ့ထိ ရန်ကုန်မြို့ရှိ Orchid Hotel တွင် ပြုလုပ်မည်ဟု British Council မှသိရသည်။

 လက်ရှိမြန်မာနိုင်ငံရှိ လူ့အခွင့်အရေးနှင့် ပတ်သက်သည့်စိန်ခေါ်မှုများ၊ မှတ်တမ်းတင်ခြင်းနှင့် စည်းရုံးလှုံ့ဆော်ခြင်းဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးခြင်း၊ ရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်း နှင့် စာတမ်းထိုးခြင်းဆိုင်ရာ လက်တွေ့လုပ်ငန်းများ နှင့် ရုပ်ရုပ်များပြသဆွေးနွေးခြင်း အစရှိသည့် အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

သင်တန်းဆရာများအဖြစ်ဗြိတိန်မှ ဆုရဓါတ်ပုံဆရာနှင့် ရုပ်ရှင်ဖန်တီးသူ Nick Danziger ၊ အမေရိကန်နိုင်ငံ Michigan University School of Art & Design မှ ပရောဖက်ဆာနှင့် ရုပ်ရှင်ဖန်တီးသူ David Chung နှင့် လူ့အခွင့်အရေးကျွမ်းကျင်သူနှင့် မီဒီယာသင်တန်းဆရာမ Claudia Modonesi တို့ပါဝင် ကြောင်း သိရသည်။

ဦးဆောင်ဆွေးနွေးသူများအဖြစ် Arul Prakkash (Witness Programme Manager for Asia and the Pacific)၊ ခင်မမမျိုး (Founder and Executive Director of Myanmar Institute of Peace and Security Studies - MIPSS)၊ မင်းထင်ကိုကိုကြီး (Festival Director at Human Dignity Film Institute) ၊ ဉာဏ်ကျယ်ဆေ (Animation Filmmaker) တို့ ပါဝင်မည်ဖြစ်ကြောင်း British Council မှ Program Coordinator မနေခြည်သွင် က ပြောကြားသည်။

သင်တန်းအား မြန်မာနိုင်ငံသားများအတွက် အခမဲ့ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသများမှ တက်သစ်စ လူငယ်ရုပ်ရှင်ရိုက်ကူးသူ သင်တန်းသား (၁၂) ဦး ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly