မတူပီမြို့တွင် စစ်ကောင်စီတပ်သား ၂ဦး လက်နက်ဖြင့် CDF ထံခိုလှုံ

By ပါခွီး (မဇ္စျိမ)
07 November 2023
မတူပီမြို့တွင် စစ်ကောင်စီတပ်သား ၂ဦး လက်နက်ဖြင့် CDF ထံခိုလှုံ

ချင်းပြည်နယ် ၊ မတူပီမြို့နယ်အခြေစိုက်တပ်မှ စစ်ကောင်စီတပ်သား နှစ်ဦးသည် သေနတ်တလက် ကျည်ဆန်အချို့ဖြင့် ခိုလှုံလာကြောင်း ချင်းလဲန်း ကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) CDF – Matupi က နိုဝင်ဘာ ၆ရက် ယမန်နေ့တွင် ထုတ်ပြန်သည်။

မတူပီမြို့အခြေစိုက် ခလရ(၁၄၀) မှ တပ်သား ညဏ်လင်းအောင်နှင့် တပ်သား မျိုးလင်းဦးတို့သည် MA1 သေနတ်တလက်၊ ကျည်ဆန် ၁၃၄တောင့် ၊ ကျည်ဘောက် ငါးခုတို့နှင့်အတူ နိုဝင်ဘာလ ၅ရက်နေ့တွင် ဝင်ရောက်လာခြင်းဖြစ်သည်။

“ သူတို့က ထွက်ချင်တာကြာပြီး ၊ မင်းတို့ CDF တွေဆီသွားရင် အကုန်သတ်မှာလို့ တပ်ထဲက အကြီးပိုင်းတွေက ပြောတာရှိတယ် ၊ အဲဒါကို ကြောက်လို့ CDM မဝင်တာ ၊ အခု CDF နဲ့ပေါင်းခဲ့တဲ့ သူငယ်ချင်းတွေကို မသတ်ဘဲ ဆုငွေချီးမြှင့်တာတွေရှိတယ်လို့ ပြန်သိရတဲ့အတွက် အခုလိုထွက်လာကြတာလို့ ပြောပြတယ်” ဟု CDF – Matupi ပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိန်း က မဇ္စျိမကို ပြောသည်။

စစ်ကောင်စီတပ်အတွင်းတွင် အခွင့်အရေးရပါက ထွက်ချင်သူအများအပြားရှိနေသည်ဟု ခိုလှုံလာသူများက ပြောကြောင်းဆိုသည်။

ယခုထွက်လာသူနှစ်ဦးမှာ သေနတ်တလက်ယူလာနိုင်ခဲ့သောကြောင့် CDF – Matupi ၏ မူဝါဒအတိုင်း ကျပ် ၆,၀၀၀,၀၀၀(သိန်းခြောက်ဆယ်) ချီးမြှင့်ခဲ့ ကြောင်းသိရသည်။

မတူပီအခြေစိုက် စစ်ကောင်စီတပ်အတွင်းတွင် တပ်သားများကို တာဝန်ရှိသည့်အချိန်တွင်သာ သေနတ်ပေးကိုင်ပြီး ပုံမှန်အချိန်များတွင် သေနတ်ကိုင်ဆောင်ခွင့် မရှိကြောင်းသိရသည်။

ယခုအချိန်တွင် မြန်မာနိုင်ငံမြောက်ပိုင်းအပါအဝင် စစ်ကိုင်းတိုင်းအတွင်း၌ စခန်းသိမ်း မြို့သိမ်းတိုက်ပွဲများဆင်နွဲနေပြီး ၎င်းတို့ CDFများအနေဖြင့်လည်း ချုံခိုတိုက်ခိုက်ရာတွင် အဆင်မြင့်တိုက်မည့် ဗျူဟာများရှိကြောင်း တနိုင်ငံလုံးတွင် စစ်ရေးအရှိန်မြင့်တက်လာရန်သာရှိသည့်အတွက် စစ်ကောင်စီတပ်သားများ အသက်မသေလိုပါက လက်နက်ချ၍ အမြန်ဆုံးအလင်းဝင်ကြရန် ဖိတ်ခေါ်လိုကြောင်း နိုင်ဂျွန်ကိန်းက ဆက်ပြောသည်။

တိုက်ပွဲတွင် အညံ့ခံသည်ဖြစ်စေ CDM လုပ်၍ ခိုလှုံလာသည်ဖြစ်စေ ၎င်းတို့ကို ဆက်သွယ်လာသူများကို လူသားချင်းစာနာစွာ စိတ်ပိုင်းရုပ်ပိုင်း နှိပ်စက်ညှဥ်းပန်းခြင်းမပြုလုပ်ဘဲ ကောင်းမွန်နွေးထွေးစွာကြိုဆိုပြီး လုံခြုံစိတ်ချသောနေရာများသို့ ပို့ဆောင်ပေးရန် တာဝန်ယူကြောင်းဆိုသည်။

စစ်တပ်က တိုင်းပြည်အာဏာသိမ်းပြီးနောက် CDF – Matupi တပ်ဖွဲ့ထံတွင် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တပ်သား ၃၀ကျော် ခိုလှုံခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

နိုဝင်ဘာ ၁၁ရက် နံနက် ၅နာရီအချိန် တွင် CDF – Matupi တပ်ရင်း(၃) မှ စားဝတ်နေရေးနှင့် ဆေးဝါးအခက်အခဲအပြင် ရာသီဥတုအအေးပိုင်းရောက်လာပြီဖြစ်သောကြောင့် အနွေးထည်များလိုအပ်လာသဖြင့် ရန်ပုံငွေရှာဖွေရေးအတွက် နိုင်ငံကျော်အနုပညာရှင်များနှင့်CDF ရဲဘော်များ၏စကားဝိုင်းကို အွန်လိုင်းမှနေ၍ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required