ရခိုင်ပြည်နယ်၊ တပ်တောင်ရဲစခန်းမှရဲများ စခန်းကိုစွန့်ခွာ

By ရောင်နီ (မဇ္စျိမ)
09 November 2023
ရခိုင်ပြည်နယ်၊ တပ်တောင်ရဲစခန်းမှရဲများ စခန်းကိုစွန့်ခွာ
ပုံအညွှန်း - စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူများအား စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက် နှိမ်နင်းနေစဉ်။ (ပုံ - အဟောင်း)

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တပ်တောင်မြို့ရဲစခန်းမှ စခန်းမှူးနှင့် ရဲတပ်သားအချို့ကို  စစ်ကောင်စီတပ်က အင်အားသုံး ဖမ်းဆီးသွားပြီးနောက် ကျန်ရှိသည့် ရဲတပ်ဖွဲ့ဝင်များက စခန်းကို စွန့်ခွာထွက်ပြေးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဇ္စျိမကို ပြောသည်။  

တပ်တောင်မြို့နယ်ရဲစခန်းမှ စခန်းမှူး ရဲမှူးမျိုးမင်းထွန်း၊ ဒုရဲအုပ်တဦးနှင့် ရဲတပ်သား နှစ်ဦးကို  နို၀င်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က စစ်ကားလေးစီး၊ အင်အား ၁၀၀ ခန့်ဖြင့် ရဲစခန်းအတွင်း ဝင်ရောက်စီးနင်းကာ ဖမ်းဆီးသွားခြင်းဟုသိရသည်။ 

“စစ်ကားလေးစီးနဲ့ တပ်တောင်မြို့ ရဲစခန်းကိုလာပြီး သိမ်းတဲ့ သဘောမျိုးပေါ့။ ရဲစခန်းတခုလုံးကို လုံခြုံရေးပတ်ချတယ်။ ပြီးတော့ စခန်းမှူး၊ ဒုရဲအုပ်နဲ့ ရဲတပ်သားအချို့ကို ဖမ်းဆီးသွားတာ ဖြစ်ပါတယ် ” ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် ဒေသခံသတင်းရင်းမြစ်က ပြောသည်။

ထိုသို့ဖမ်းဆီးသွားပြီးနောက် ကျန်ရဲတပ်သားများသည် စခန်းမှ ထွက်ပြေးတိမ်းရှောင်သွားကြကြောင်း ၄င်းက ဆိုသည်။ လက်ရှိအချိန်တွင် တပ်တောင်ရဲစခန်းကို စစ်ကောင်စီတပ်က အင်အား ၃၀ ခန့်ဖြင့် ဝင်ရောက်တပ်စွဲထားကြောင်း သိရသည်။ 

“ရဲစခန်းကို စစ်တပ်ဘက်က နိုဝင်ဘာလ ၇ ရက်ကတည်းက ထိန်းချုပ်ထားတဲ့ အနေအထားမှာရှိတယ်။ အဖမ်းမခံရတဲ့ ရဲတွေဆိုလည်း စခန်းမှာ မနေရဲတော့ပဲ ထွက်ပြေးသွားကြပြီ။ စခန်းကိုတော့ စစ်တပ်နဲ့ အတူပါလာတဲ့ ရဲအုပ်တယောက်က အုပ်ချုပ်နေတယ်။ စခန်းမှာရှိတဲ့ လက်နက်တွေကိုလည်း စစ်တပ်က သိမ်းဆည်းထားတယ်” ဟု နောက်ထပ်သတင်းရင်းမြစ်တဦးကပြောသည်။ 

ရဲစခန်းအတွင်းဝင်ရောက်ဖမ်းဆီးစဥ် စစ်ကောင်စီတပ်က ရဲတပ်ဖွဲ့ဝင်များအား  ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်းလည်း  သိရသည်။ 

“ အေးအေးဆေးဆေး အဖမ်းမခံရင် ရိုက်သတ်ပစ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဖမ်းတယ်ဆိုပြီး သိရတယ်" ဟု  သတင်းရင်းမြစ်က ဆိုသည်။  

ရဲမှူးမျိုးမင်းထွန်းသည်ပြီးခဲ့သည့် နှစ်နှစ်ခန့်က အမ်းမြို့မရဲစခန်း၌ တနှစ်ခွဲကျော် တာဝန်ထမ်းဆောင်ပြီးနောက် လွန်ခဲ့သည့် ခြောက်လကမှ ရာထူးတိုးဖြင့် တပ်တောင်ရဲစခန်းမှူးဖြစ်လာသူ ဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။ 

ထိုဖမ်းဆီးမှုသည် တပ်တောင်ရဲစခန်းမှ ရဲအချို့ ရက္ခိုင့်တပ်တော်(AA) နှင့် ဆက်စပ်နေခြင်းကြောင့် ဖြစ်နိုင်သလို အမိန့်မနာခံမှုကြောင့်လည်းဖြစ်နိုင်ကြောင်း ဒေသတွင်းသတင်းများ ထွက်ပေါ်နေသည်။ 

ယခုဖြစ်စဥ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းရန် မဇ္စျိမက ကြိုးစားသော်လည်း မရရှိသေးပေ။ 

ရဲမှူးမျိုးမင်းထွန်းနှင့် ဖမ်းဆီးခံ ရဲအချ်ို့သည် ယနေ့ နိုဝင်ဘာလ ၉ရက်အထိ အမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ရောက်ရှိခြင်းမရှိသေးဘဲ အမ်းမြို့အခြေစိုက်  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စစ်ဆေးခံနေရကြောင်း သတင်းရင်းမြစ်များထံမှသိရသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့ ညနေပိုင်းကလည်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်အချို့ကို ရက္ခိုင့်တပ်တော် (AA)က ဖမ်းဆီးစစ်ဆေးသည့် ဖြစ်စဥ်ရှိခဲ့သည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required